အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် Kurt Campbell နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် အတိုက်အခံ များက လိုလားနေကြသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ ထွက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိသည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အနေဖြင့် စစ်အစိုးရနှင့် ဒီမိုကရေစီလိုလားသော အင်အားစုများအကြား ပိုမိုကြားဝင်ဆောင်ရွက်စေလိုနေကြသည်။
“အမေရိကန်ကိုယ်စားလှယ်နဲ့ အစိုးရတွေ့၊ အမေရိကန်ကိုယ်စားလှယ်နဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားတွေတွေ့၊ ပြီးရင် စစ်အစိုးရနဲ့ NLD နဲ့တွေ့၊ အဲဒါကို ဖန်တီးပေးပါ။ ညှိပေးပါ။ အဲဒီလိုလုပ်မှ တကယ်ဖြေရှင်းရာ ရောက်မယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
မစ္စတာ ကမ်းဘဲလ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဒေသဆိုင်ရာ အစည်းအဝေးတခုသို့ သွားရောက်ရန်ရှိပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း ဝင်ရောက်ဖွယ် ရှိသည်။
အမေရိကန်အစိုးရ ကိုယ်စားလှယ် လာရောက်မည့်အချိန်သည် ရွေးကောက်ပွဲဥပဒေအရ NLD ပါတီ အလိုအလျောက် ပျက်ပြယ်သွားမည့် အချိန်နှင့်လည်း ကိုက်ညီနေသည်။
မစ္စတာကမ်းဘဲလ် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
“အကုန်လုံးကို တွေ့ဆုံတယ်ဆိုလို့ရှိရင် ထိရောက်ပြီးတော့ အကျိုးရှိတဲ့ လုပ်ငန်းမျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ မြင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ထောင်ကျနေသော ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံခွင့်ရရန်နှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေး ဖြစ်ထွန်းရန်အတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းလိုကြောင်း သူက ဆက်ပြောသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာ ရရှိပြီး၊ NLD ပြီးလျင် ဒုတိယ မဲအများဆုံး ရရှိသော တိုင်းရင်းသား နိုင်ငံရေးပါတီကြီးဖြစ်သည့် SNLD က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ မကျသည့်အပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်ခြင်း မရှိခြင်းကြောင့် ယခုနှစ် ရွေးကောက်ပွဲကို မဝင်ရန် ဆုံးဖြတ်ထားသည်ဟု ဦးစိုင်းလိတ်က ပြောသည်။
မစ္စတာကမ်းဘဲလ်၏ ခရီးစဉ်အပြီး စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးလိမ့်မည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ “နအဖဘက်က နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားတွေကို နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်ပေးဖို့ လိုလားတယ်ဆိုရင်တော့ ဘယ်သူ့ခရီးစဉ်မှ စောင့်စရာ မလိုဘူး။
လွှတ်ပေးသင့်တယ်” ဟု ပြောသည်။
နိုင်ငံတဝှန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ ကျာ်အနက် တိုင်းရင်းသား အကျဉ်းသား ၂ဝဝ ကျော်ရှိသည်ဟု AAPP-B က ပြောသည်။
မစ္စတာ ကမ်းဘဲလ်နှင့် သူ၏ လက်ထောက် စကော့ မာဆီယယ် Scot Marciel တို့သည် ပြီးခဲ့သည့်နှစ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့်လ ၁၄ ရက်နေ့က စစ်အစိုးရ၏ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းစဉ်သည် တိုးတက်မှုမရှိသဖြင့် စစ်အာဏာပိုင်များနှင့် ဆွေးနွေးမည်ဆိုသည့် အမေရိကန်၏ မူဝါဒအသစ်အား ပြန်လည်သုံးသပ်မည်ဟု မစ္စတာ ကမ်းဘဲလ်က ပြောဆိုခဲ့သည်။