ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်ကသာ လွှမ်းမိုးထားအောင် လုပ်ဆောင်နေမှုကြောင့် ပါတီငယ်များအနေဖြင့် ရွေးကောက်ပွဲမဝင်သင့်ဟု CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက တိုက်တွန်းလိုက်သည်။
''လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း မကဘဲနဲ့ ရာခိုင်နှုန်း တော်တော်များများကို စစ်တပ်က သူတို့လူတွေကို မရ ရအောင်၊ မနိုင် နိုင်အောင် လုပ်မယ်ဆိုတာ လက်ရှိ အခြေအနေ အရ သိသာထင်ရှားနေတယ်'' ဟု CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များထဲတွင် တပ်မတော်သားဝေစု ၂၅ ရာခိုင်နှုန်းကို သူက ရည်ညွန်းပြောဆို သွားခြင်း ဖြစ်သည်။
“ပါတီငယ်တွေအနေနဲ့ ရွေးကောက်ပွဲ မဝင်ရင် အကောင်းဆုံးဖြစ်မယ်။ အပြောင်းအလဲဖြစ်အောင် အားလုံးဝိုင်းပြီး ကြိုးပမ်းလို့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည် လာမယ်၊ နအဖဘက်ကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲက ပြင်သင့်ပြင်ထိုက်တာတွေ ပြင်လာမယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ သင့်တော်မယ်။ အဲဒီအခါ ကျမှာသာ ပါတီထောင်ပြီးတော့ နိုင်ငံရေးလုပ်ရင် ပိုကောင်းမယ်လို့ အကြံပြုချင််ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
ယမန်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ရ ဦး၊ ရခို်င်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ မွန်ပြည်သစ်ပါတီမှ ဦးနိုင်ထွန်းသိန်း၊ ဇိုမီးအမျိုးသား ကွန်ကရက်မှ ပူးကျင်ရှန်းထန်၊ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့မှ ဦးထောင်ကိုထန်း၊ တသီးပုဂ္ဂလ ဦးသိန်းဖေ၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းတို့ တက်ရောက်သော CRPP အစည်းအဝေးကို ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ကြပြီး ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏ အနေအထားကို ဆွေးနွေးခဲ့ကြသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူ ကိုယ်စားလှယ်လောင်း တဦးလျှင် ငွေကျပ် ၅ သိန်း ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးသွင်းရမည်ဖြစ်ကာ၊ ပါတီမှတ်ပုံတင် ကြေးက ကျပ် ၃ သိန်း ဖြစ်သည်။ ကိုယ်စားလှယ်လောင်း တဦးလျှင် ကျပ်သိန်း ၁ဝဝ အထိသာ အသုံးပြုရန် ကော်မရှင်က ကန့်သတ်ထားသည်။
ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားသည့် ပါတီ ၃ဝ ရှိသည့်အနက် ၂၄ ပါတီကို မှတ်ပုံတင်ခွင့် ပြုထားသည်။
“ပါတီတော်တော်များများက အတွက်က ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဝန်ထမ်း ဖြစ်လို့ရှိရင် ပါတီမဝင်ရဘူး။ ပါတီဝင် မဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ မြန်မာပြည်ထဲမှာ နိုင်ငံရေး လုပ်နေတဲ့ အနေအထားက အခုအချိန်ထိ အန္တရာယ် မကင်းသေးဘူးဆိုတဲ့ အနေအထားရှိတော့ အတော်ကို ခက်နိုင်တဲ့ အနေအထား ရှိပါတယ်။ ကျန်တဲ့ အခတ်အခဲတွေ ရှိသလို၊ ငွေရေးကြေးရေး အခက်အခဲတွေလည်း ရှိတယ်” ဟု မြန်မာ့အရေး လေ့လာသူ ကိုအောင်သူငြိမ်းက ပြောသည်။
သူက ဆက်ပြီး “ နောက်တခု ကျနော်တို့ တွေ့နေရတဲ့ ပြဿနာတွေက အပေါ်က မူဝါဒအရ ဟုတ်ချင်မှ ဟုတ်မယ်၊ အောက်ခြေက တချို့ ရဲစခန်းတွေက သူတို့ မြို့နယ်ထဲမှာ ပါတီရုံး မဖွင့်ဖို့ တားတာဆီးတာတွေလည်း ကျနော်တို့ ကြားတယ်” ဟု ပြောသည်။
တနိုုင်ငံလုံး ဝင်ပြိုင်မည့် ပါတီများသည် အနည်းဆုံး ပါတီဝင် ဦးရေ ၁ဝဝဝ ရှိရမည်ဖြစ်ပြီး၊ ဒေသဆိုင်ရာ ပါတီများအတွက် အနည်းဆုံး ပါတီဝင် ၅ဝဝ ရှိရမည်ဟု ကော်မရှင်က ညွှန်ကြားထားသည်။
”ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်မယ့်သူ မရှိတဲ့ နေရာတွေတောင် ရှိကောင်း ရှိလာနိုင်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။
စစ်အစိုးရက ၎င်း၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်ပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားသည်။
“ကြံ့ခိုင်ရေးအဖွဲ့ဆိုတာက သူ့မှာက အာဏာရှိတယ်၊ ငွေရှိတယ်၊ အခွင့်အရေးရှိတယ်။ စည်းရုံးပြီးသားလည်း ဖြစ်တယ်။ အဲဒါတွေက သူတို့ သာတယ်။ ငွေရေးကြေးရေး လည်း ရှိတယ်။ စည်းရုံးရေး ကာလတွေ ရှိတယ်။ ကျနော်တို့က ငွေရေးကြေးရေး အခက်အခဲတွေ ရှိတယ်။ စည်းရုံးကာလ ဘယ်လောက်ရမယ်ဆိုတာ မသိသေးဘူး” ဟု ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
နိုင်ငံရေးပါတီများ ယှဉ်ပြိုင်လိုလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃ဝ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၆၅ဝ နေရာ ရှိနေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များအား ပြင်ဆင်လိုပါက ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။