နယူးဒေလီ (မဇ္စျိမ)။ ။ ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်ထွန်းရေး ပြည်သူလူထုက ပူးပေါင်း ဆောင်ရွက်ကြရန် ကာကွယ်ရေးဝန်ကြီးဌာန ဒုဗိုလ်ချုပ်ကြီးအုန်းမြင့်က ချင်းပြည်နယ် ဖလမ်းမြို့၌ ယခုလ ၂ ရက်နေ့တွင် တိုက်တွန်းပြောဆိုသွားသည်။
စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအုန်းမြင့်နှင့် စစ်ကိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးခန့်က ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖ ၁၄ဝဝ ခန့်ကို မြို့တော်ခန်းမတွင် ပြောကြားသွားခြင်းဖြစ်ပြီး လျှပ်စစ်မီးနှင့် သောက်သုံးရေပြသနာများလည်း ဖြေရှင်းပေးမည်ဟု ကတိပြုသွားသည်။
ဖလမ်းမြို့ ယာယီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆသင်ကပ်က “လိုအပ်တာရှိရင် ပြောကြပါ။ တက်နိုင်သလောက် ကူညီမယ်။ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးနိုင်မယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။
မည်သည့်နို်င်ငံရေးပါတီကို မဲထဲ့ပါဟု ရည်ညွှန်းသွားခြင်းမရှိသော်လည်း အခမ်းအနားတက်ရောက်သူများကို တရာကျပ်တန် ငွေအကြွေစေ့ တစေ့စီ ပေးသွားခဲ့ရာ ဒေသခံများ အကြားတွင် ပြောစမှတ်တွင်ကျန်ရစ်သည်။ စစ်အစိုးရက ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို ကြေညာခြင်းမပြုသေးပေ။
အလားတူပင် ယခုလ ၁ ရက်နေ့ မွန်းလွဲကလည်း ချင်းပြည်နယ် မြို့တော်ဟားခါးသို့ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့်နှင့် အဖွဲ့ဝင်များ လာရောက်ကာ စည်းရုံးရေး ဆင်းသွားခဲ့သည်။
ဟားခါးမြို့ရှိ ဌာနဆိုင်ရာရုံးများကို လေ့လာကြည့်ရှုပြီး ပညာရေးဌာနအတွက် စာအုပ်များနှင့် မြို့ပေါ်ရှိ ဆင်းရဲနွမ်းပါးသူများအတွက် ခြံုစောင် ၁ဝ ထည် ပေးသွားသည်။
ထို့အပြင် ယခုလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တီးတိန်မြို့သို့ ရောက်ရှိလာကာ ဌာနဆိုင်ရာ ရုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။