မြစ်ဆုံနှင့် အနီးဆုံး နှစ်ရပ်ကွက် ပြောင်းခိုင်းပြီ

မြစ်ဆုံနှင့် အနီးဆုံး နှစ်ရပ်ကွက် ပြောင်းခိုင်းပြီ
by -
ဆလိုင်း ဟံသာစန်း
ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအနီးရှိ တန်ဖရဲကျေးရွာမှ ရပ်ကွက် ၂ ခုအား ယခုလကုန် နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက ညွှန်ကြားလိုက်ကြောင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် အခြေစိုက်ကာ မြစ်ဆုံရေကာအရေး စောင့်ကြည့်နေသည့် ကချင် လူမှုဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ KDNG က....

နယူးဒေလီ (မဇ္စျိမ) ။      ။ ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအနီးရှိ တန်ဖရဲကျေးရွာမှ ရပ်ကွက် ၂ ခုအား ယခုလကုန် နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက ညွှန်ကြားလိုက်ကြောင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် အခြေစိုက်ကာ မြစ်ဆုံရေကာအရေး စောင့်ကြည့်နေသည့် ကချင် လူမှုဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ KDNG က ပြောသည်။

“တန်ဖရဲကျေးရွာမှာ ရပ်ကွက် ၆ ခု ရှိတဲ့အထဲက ရပ်ကွက် အမှတ် ၁ နဲ့ ၂ ကို ဒီလအတွင်း အပြီးပြောင်းဖို့ အမိန့်ပေးထားတယ်။ လာပြောတာက စစ်တပ်က လူတွေနဲ့ အေးရှားဝေါလ်ကုမ္ပဏီက လူတွေပါ” ဟု  KDNG အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ဝါက မဇ္စျိမကို ပြောသည်။

တန်ထဲရ်ရွာ ရပ်ကွက် ၆ ခုတွင် အိမ်ခြေပေါင်း ၁၈၇ အိမ်ရှိပြီး လူဦးရေ ၁၁၀၀ နီးပါး ရှိကာ မြစ်ကြီးနား အထက် ၂၆ မိုင်အကွာတွင် တည်ရှိသည်။ ကျေးရွာသားများသည် တောင်ယာနှင့် ဥယျာဉ်ခြံစိုက်ပျိုးသည့် လုပ်ငန်းများ၊ အပန်းဖြေလာရောက်သူ ခရီးသွားများကို ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းသည် တန်ထဲရ်ရွာအစွန်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။

တန်ထဲရ်ရွာသားများကို မြစ်ကြီးနားမြို့အထက် မိုင် ၂ဝ ကျော်အကွာရှိ ကျင်ခန်နှင့် လုံကာဇွပ် ကျေးရွာများတွင် အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်နေသည့် ပေ ၂ဝ ပတ်လည်ရှိ တန်ဖိုးနည်း ခြေတံရှည်အိမ်တန်းလျားများသို့ ပြောင်းရွှေ့ကြရမည် ဖြစ်သည်။ ထိုနေရာတွင် အိမ်အလုံး ၁ဝဝ ထက်မနည်း တည်ဆောက်ပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခင်က ရွာပြောင်းရွှေ့ရန် အာဏာပိုင်များက ပြောဆိုခဲ့ဖူးသော်လည်း ရက်အတိအကျ သတ်မှတ်ခြင်းမရှိဘဲ ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် ရေကာတာတည်ဆောက်ရာ မြစ်ဆုံဒေသ၌ ဗုံး ၁၄ လုံး ထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ရက်အတိအကျ ထုတ်ပြန်ကာ ပြောင်းရွှေ့ခိုင်းခြင်းလည်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းအတွက် ကျေးရွာပေါင်း ၆ဝ ခန့်အား ပြောင်းရွှေ့ရန် အာဏာပိုင်များက လျာထား သတ်မှတ်ခဲ့ရာမှ စီမံကိန်းနှင့် အနီးဆုံး တည်ရှိသည့် တန်ဖရဲ (မြစ်ဆုံ) ကျေးရွာမှ ရပ်ကွက် ၁ နှင့် ၂ အား ယခုအခါ ရွှေ့ပြောင်းခိုင်းခြင်း ဖြစ်သည်။

ကျေးရွာပြောင်းရွေ့ရမည်ဆိုပါက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့်တို့ အပါအဝင် တောင်းဆိုချက် ၁ဝ ချက်အား တန်ဖရဲကျေးရွာ ရပ်မိရပ်ဖ ၂၂ ဦးက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အာဏာပိုင်များထံ တောင်းဆိုခဲ့သော်လည်း ယနေ့ထက်တိုင် တစုံတရာ လိုက်လျောခြင်း မရှိပါ။

လျှပ်စစ်ဓာတ်အား ၃၆ဝဝ မီဂါဝပ် ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် တရုတ်ကုမ္ပဏီ CPI နှင့်  အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂ဝဝ၇ ခုနှစ် မေလတွင် သဘောတူညီခဲ့ကြသည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ် ရှိပြီး တနှစ်လျှင် ကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week