စစ်အစိုးရစိတ်ကြိုက် ပါတီများ မှတ်ပုံတင်ခွင့် ကျနေ

စစ်အစိုးရစိတ်ကြိုက် ပါတီများ မှတ်ပုံတင်ခွင့် ကျနေ
by -
ဖနိဒါ
စစ်အစိုးရအား ထောက်ခံသူများနှင့် ပါတီငယ်များကို အဓိကထား၍  ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီထောင်ခွင့် ပြုနေကြောင်း လေ့လာသူများက ဝေဖန်ပြောကြား....

သုံးသပ်ချက်ဆောင်းပါး

ချင်းမိုင် (မဇ္ဈိမ)။      ။ စစ်အစိုးရအား ထောက်ခံသူများနှင့် ပါတီငယ်များကို အဓိကထား၍  ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီထောင်ခွင့် ပြုနေကြောင်း လေ့လာသူများက ဝေဖန်ပြောကြားကြသည်။

“အစိုးရ သဘောကို လက်ခံတဲ့ပါတီတွေလို့ ပြောဆိုရမှာပဲလေ။ တကယ်ပါတီဖြစ်လာတဲ့အခါမှာ သူတို့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ရဦးမယ်” ဟု ဇိုမီးအမျိုးသားကွန်ဂရက်မှ ဥက္ကဌ ဦးပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးပါတီထောင်ခွင့်လျှောက်သည့် အဖွဲ့ ၂၈ ဖွဲ့အနက် ယနေ့အထိ ခွင့်ပြုသော ပါတီ ၁၄ ဖွဲ့ ရှိှနေပြီး ၆ ဖွဲ့မှာ တိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်သည်။

ပါတီတည်ထောင်ခွင့် ရပြီးဖြစ်သည့် တိုင်းရင်းသားပါတီများမှာ ချင်းအမျိုးသားပါတီ၊ ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအောင်း (ပလောင်) အမျိုးသားပါတီ တို့ဖြစ်သည်။

ယင်းတိုင်းရင်းသားပါတီများသည်လည်း လူနည်းစု နိုင်ငံရေးပါတီဖြစ်ပြီးနှင့် မဲဆန္ဒနယ် နည်းသည့် နိုင်ငံရေးပါတီများသာဖြစ်သည်ဟု ဝါရင့်နိုင်ငံရေးသမား သခင်ချန်ထွန်းက သုံးသပ်သည်။

“အခုအချိန်က တရားဟောခွင့်၊ စည်းရုံးခွင့်ကို အမြန်ဆုံး ခွင့်ပြုသင့်တယ်။ ဒါမှလဲ ဘယ်ပါတီရဲ့ ဝါဒက ဘာတွေဆိုတာ ရှင်းပြရမယ်။ အခုလို ဘာမှ မဟုတ်ဘဲ ရက်စွဲ အချိန်ဆွဲထားရင်တော့ ပါတီလုပ်ငန်း တွေ နှောင့်နည်းအောင် လုပ်တဲ့သဘော သက်ရောက်နေတယ်” ဟု သခင်ချန်ထွန်းက ပြောသည်။

တပ်မတော်သားအစု ၂၅ ရာခိုင်နှုန်းအပြင်ဘက်မှ အရပ်သားများအတွက် ဝေစုအရ ပြည်သူ့လွတ်တော်တွင် ၃၃ဝ နေရာ၊ အမျိုးသားလွတ်တော် ၁၆၈ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၆၅ဝ နေရာရှိသဖြင့် စုစုပေါင်း ၁၁၄၈ နေရာရှိသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူတဦးသည် ငွေကျပ် ငါးသိန်း ပေးသွင်းရမှာလည်းဖြစ်သဖြင့် စစ်အစိုးရ၏ ပါတီကြီးဖြစ်လာသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအပ ကျန်ပါတီများမှ လွှတ်တော်နေရာ အကုန်လုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်နို်င်စွမ်းမရှိဟု ဝေဖန်သူများက ပြောသည်။

ယခင်အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထဲမှ အမွေဆက်ခံထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီပင်လျှင် လွှတ်တော်နေရာ ၃ဝဝ ဝန်းကျင်တွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု မဇ္ဈိမနှင့် ယခင်က အင်တာဗျူးတခုတွင် ပြောကြားဖူးသည်။

မဲဆန္ဒနယ် ၉  ခုတွင် ပါဝင်ယှဉ်ပြိုင်မည့် ချင်းအမျိုးသားပါတီအား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ် စက်မှုသင်တန်းကျောင်း တွင် နည်းပြဆရာအဖြစ် ၁၂ နှစ်ခန့် တာဝန်ယူခဲ့သူ ဦးဇိုဇမ်က ဦးဆောင်ထားသည်။

မဲဆန္ဒနယ် ၃ ခုသာ ဝင်ပြိုင်ရန် ရည်ရွယ်ထားသော ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီသည် ယခင်လ ၂၉ ရက်နေ့က ပါတီထောင်ခွင့်လျှောက်ထား ရာမှ ယမန်နေ့တွင် ခွင့်ပြုလိုက်ပြီဖြစ်သည်။

အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ကိုလည်း နိုင်ငံရေးပါတီထောင်ခွင့် ပြုလိုက်ပြီး ဖြစ်သည်။

သို့သော် ယခင်လ ၅ ရက်နေ့တွင် နိုင်ငံရေး ပါတီထောင်ခွင့် လျှောက်ထားခဲ့သည့် အပစ်ရပ် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီကိုမူ ယနေ့ထိ ခွင့်မပြုသေးပေ။

၁၉၉ဝ ခုရွေးကောက်ပွဲဝင် တရားဝင် ရပ်တည်နေဆဲ ပါတီ ၁ဝ ခုအနက် ပြန်လည်မှတ်ပုံတင်သော ပါတီ ၅ ဖွဲ့အနက် ၃ ဖွဲ့ကိုလည်း ထူထောင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။