ကေအဲန်ယူ စစ်ဆင်ပြင်ဆင်မှုများ ပြုလုပ်နေ

ကေအဲန်ယူ စစ်ဆင်ပြင်ဆင်မှုများ ပြုလုပ်နေ
by -
ခွန်အောင်မြတ်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံ ဖာပွန်ခရိုင်အခြေစိုက် တပ်မဟာ(၅)ဒေသကို စစ် အစိုးရတပ်က ထိုးစစ်ဆင်မည့် သတင်းထွက်ပေါ်လာသည့် အတွက်ကြောင့် ကေအဲန်ယူဘက်မှ စစ်ဆင်ရေး ပြင် ဆင်မှုများပြုလုပ်ပြီး အပြန်အလှန်...

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံ ဖာပွန်ခရိုင်အခြေစိုက် တပ်မဟာ(၅)ဒေသကို စစ် အစိုးရတပ်က ထိုးစစ်ဆင်မည့် သတင်းထွက်ပေါ်လာသည့် အတွက်ကြောင့် ကေအဲန်ယူဘက်မှ စစ်ဆင်ရေး ပြင် ဆင်မှုများပြုလုပ်ပြီး အပြန်အလှန် စောင့်ကြည့်နေကြသည်။

ယခုပတ်တွင်း တိုက်ပွဲဖြစ်ပွားမှုများသည် မြန်မာစစ်အစိုးရတပ်က ကေအဲန်ယူကို သွေးတိုးစမ်းသည့် သဘော မျိုးဖြစ်ပြီး ထိုးစစ်ဆင်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ တွဲဖက်အတွင်း ရေးမှူး(၁) ဗိုလ်မှူးစောလှငွေ က ပြောသည်။

“တပ်မဟာ(၅)က လူ(၉၀)လောက်နဲ့ ခမရ(၄၀၅)က လေးငါးခြောက်ဆယ်၊ ခုနစ်ဆယ် လောက် အဲဒီ မှာ လှုပ်ရှားနေတယ်တဲ့။ သူတို့ကို တိုက်မှာလား မတိုက်ဘူးလား သေချာတော့ မပြောတတ်ဘူး။ ဒါ ပေမယ့် လှုပ်ရှားမှုတော့ နည်းနည်းထူးခြားတယ်ပေါ့။ (၃၀)ရက် နေ့နဲ့ (၁)ရက်နေ့နဲ့ မနေ့ကတုန်း ကတော့ သုံးရက်နေ့တုန်း ကတောင် စောင်တယ်။ အဲဒါ တိုက်ပွဲတွေရဲ့နောက်ဆက်တွဲက သူတို့ကိုပဲ လာပြီးတော့ တစုံတခုလာပြီးတော့ လက်တုန့်ပြန်မှာလား ဘာလားလို့တော့ မပြောတတ် ဘူးပေါ့ လေ။”

တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်း ၂၀၁ တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တွင် စစ် အစိုးရတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားရာ ကေအဲန်ယူ ဘက်မှ အရာခံ ဗိုလ် ၁ဦးကျဆုံးပြီး၊ စစ်အစိုးရတပ်ဘက်မှ ၁ ဦးကျဆုံးကာ ငါးဦး ဒဏ်ရာရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်မည့်အခြေအနေရှိသဖြင့် ၎င်းတို့တပ်ဖွဲ့များကို တပ်လှန့်ထား သည်ဟု တပ်ရင်း ၂၀၁ တပ်ရင်းမှူး စောဘူးဖောက ပြောသည်။

“တခုတော့ သူတို့စစ်ဆင်ရေးတွေ ရေးဆွဲတာရှိတယ်။ သူတို့ ၄၀၅နဲ့ ၄၀၆ က ကျနော်တို့ကို အလစ် အငိုက်အလုံးအရင်းနဲ့ဝင်တိုက်မယ်။ သူတို့ အဲလိုအစီအစဉ် ရှိတယ်။ ကျနော်တို့ဘက်ကတော့ အဆင် သင့်ကို ရှိရမယ်။ ကိုယ်ညံ့ကိုယ်ခံပဲ ဒီတခါတော့။”

ယင်းဒေသရှိ ဒီကေဘီအေ တပ်အဖွဲ့အချို့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် သဘောမတူ သည့် တပ်လည်း ရှိသဖြင့် ကေအဲန်ယူနှင့်ပူးပေါင်းကာ စစ်အစိုးရကို ပြန်လည် တိုက်ခိုက်ရန် သတင်းထွက်ပေါ်နေသဖြင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်နေသည်ဟု ဒီကေဘီအေ နှင့် နီးစပ်သူတဦးက ပြောသည်။

ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် ကေအဲန်ယူအပြင် စစ်အစိုးရတပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့များ လှုပ်ရှား နေသဖြင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံ များက စိုးရိမ်နေကြသည်ဟု ယင်းဒေသရှိ ကေအဲန်ယူ အရာ ရှိများက ပြောသည်။

Most read this week