နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပါတီအနေဖြင့် ကျပ်သိန်း ၁၄ဝဝ ကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ယနေ့ ပြောဆိုသည်။
“ကျနော်တို့က ပြည်သူတွေနဲ့ အဖွဲ့ဝင်တွေရဲ့ လှူဒါန်းခဲ့တာ အကြမ်းဖျင်း တွက်ထားတာ ကျပ်သိန်းပေါင်း ၁၄ဝဝ ကျော် ရှိပါပြီ” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်နှင့် နာဂစ် အကူအညီပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။
NLD အဖွဲ့ဝင်များကိုယ်တိုင် ကျေးရွာများသို့်သွားပြီး လှူဒါန်းခဲ့ကြခြင်းဖြစ်ရာ အာဏာပိုင်များက နှောင့်ယှက်ခြင်း မရှိဟု သူက ပြောသည်။
၂ဝဝ၉ ခုနှစ်အတွင်းက မော်ကျွန်းနှင့် ဘိုကလေးမြို့နယ်များတွင် စက်ရေတွင်းနှင့် ရေတုံကင်များ လှူဒါန်းခဲ့ပြီး အစောပိုင်းကလည်း လပွတ္တာမြို့နယ်တွင် ရေကန်ပေါင်း ၁၂ဝ ကို ၄၅ ရက်အတွင်း သန့်ရှင်းရေးလုပ်ခဲ့သည်ဟု ပါတီမှတ်တမ်းတွင် ပါရှိသည်။
“ကျနော်တို့က ပြည်ပက ငွေကို လက်ခံလို့ မရပါဘူး။ တိုင်းနှင့်ပြည်နယ် အသီးသီးက ပါတီဝင်တွေနဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပိုက်ဆံတတ်နိုင်တဲ့ လူတွေ ဆီက ထောက်ပံ့လှူဒါန်းတဲ့ ငွေတွေပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
ယနေ့အချိန်ထိ နာဂစ်ဒေသများ၌ မိသားစုပေါင်း တသိန်းခွဲခန့်မှာ အိုးအိမ်များ ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး လူဦးရေ ၁ သိန်း ၈ သောင်းခန့်မှာ သောက်သုံးရေ ရရှိရန် ခက်ခဲနေကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကျန်းမာရေးအတွက်ဆိုလည်း ဆေးခန်းတွေ နေရာအနှံ့ဖွင့်ဖို့ လိုအပ်သေးတယ်။ ကလေးတွေ ပညာရေးအတွက် စာသင်ကျောင်းတွေ ဆောက်ပေးနေတယ်ဆိုပေမယ့် တော်တော် နည်းသေးတယ်။ နောက် လယ်သမားတွေက သွင်းအားစုထည့်ဖို့ အရင်းအနှီးထည့်ဖို့ လိုအပ်နေသေးတယ်။ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့အတွက် နိုင်ငံတော်နဲ့ NGO တွေက လှူဒါန်းတာတွေ ရသင့်သလောက် ရပေမယ့် မလုံလောက်ပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။