ပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းရန် စည်းရုံးသိမ်းသွင်းခံလိုက်ရပြီဟု အများထင်မှတ်သည့် ဗိုလ်ချုပ်လွယ်မောဝ်း နှင့်အဖွဲ့ သောင်မတင်ရေမကျ အခြေအနေ၌ ရောက်နေကြောင်း စုံစမ်းသိရှိရပါသည်။
“နအဖ က အသွင်ပြောင်းဖို့ သဘောတူပြီး လူသူလက်နက်စာရင်းပေးပို့ထားတဲ့ ဗိုလ်ချုပ်လွယ်မောဝ်းနဲ့အဖွဲ့ -အသွင်ပြောင်းဖို့လက်မခံတဲ့ တပ်မဟာ ၁ ကို ဆက်လက် စည်းရုံးခိုင်းပေမယ့် ဗိုလ်ချုပ်လွယ်မောဝ်းနဲ့ အဖွဲ့ကိုယ်၌ ကမပြောင်းချင်ဘူး၊ မိမိနယ်မြေအတွင်း အရင် သေနတ်သံမထွက်ရလေအောင်ရှောင်ရှားချင်လို့သာ သဘောတူ လိုက်တဲ့သဘော” - ဟု အပစ်ရပ်အသိုင်းအဝိုင်းနှင့် ၀င်ဆန့်သူတဦးက ပြောပါသည်။
ဧပြီ ၂၂ ရက်နေ့ ဗိုလ်ချုပ်လွယ်မောဝ်းနှင့်အဖွဲ့ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့်တွေ့ဆုံပြီး အသွင် ပြောင်းဖို့ သဘောတူလိုက်သကဲ့သို့ ဧပြီ ၂၅ ရက် နေ့က ဌာနချုပ်တပ်ဖွဲ့အပါ၀င် တပ်မဟာ ၃ ၊ ဧပြီ ၂၇ ရက် နေ့က တပ်မဟာ ရ တို့ကလဲ လူသူလက်နက်အင်အားအချို့ပေးအပ်လိုက်ပြီဟု ၎င်းင်းကပြော၏။ ထို့အပြင် တိုင်းမှူးကပေးသော စိန်ကျော့ ဌာနေပြည်သူ့စစ်တံဆိပ်ကိုလည်း လက်ခံထားလိုက်ပြီဟု ဆိုသည်။
အသွင်ပြောင်းရေး လက်ခံသည့် ဗိုလ်ချုပ်လွယ်မောဝ်း
“ဗိုလ်ချုပ်လွယ်မောဝ်းဦးဆောင်တဲ့အဖွဲ့က နအဖလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ လုံးလုံးဖြစ်သွားတာမဟုတ် ဘူးတဲ့၊ သောင်မတင်ရေမကျပေါ့၊ ကျန်တဲ့အဖွဲ့တွေကို ဆက်လက် စည်းရုံးဖို့လွတ်ထားတယ်။ သူတို့အနေနဲ့လဲ အဲဒီအခွင့် အရေးကို အသုံးချပြီး အချိန်ထပ်ဆွဲထားချင်တယ်။ အားလုံးလက်နက်မအပ်သေးသလို တံဆိပ်လဲ မခွာ/တရားဝင် အသွင်ပြောင်းတာလဲမရှိသေးဘူး။ နယ်မြေလဲချုပ်ကိုင်ထားဆဲပဲ”- ဟု အပစ်ရပ်ခေါင်းဆောင်တဦးက ပြောပါ သည်။
သင်္ကြန်ကာလက အပစ်ရပ် UWSA ,KIA ,NDAA , SSA တို့ ၄ ဖွဲ့ ပန်ဆန်းမြောက်ဘက် တနေရာ၌တွေ့ဆုံ၍ နအဖမှ စတင်ပစ်ခတ်/ကျူးကျော်လာခဲ့လျှင် နေရာ အသီးသီး၌လည်း တန်ပြန်တိုက်ခိုက်ရမည်၊ အချိန်ကိုက်တိုက်ပွဲကျင့်သုံးသွား မည်ဟု သဘောတူခဲ့ကြသော်လည်း အပစ်ရပ် SSA က အသွင်ပြောင်းရန် လက်ခံ လိုက်ခြင်း အပေါ် တခြားမဟာမိတ် များက အမြင်ရှုပ်ထွေး တွေဝေစေခဲ့၏။
၁၉၆၄ ညောင်ရွှေစော်ဘွား မဟာဒေဝီ စဝ်မယ့်နန်းဟိန်းခမ်း တည်ထောင်ခဲ့သည့် တော်လှန်ရေးသမိုင်းဝင် တပ်မ တော် ပျောက်ကွယ်သွားတော့မည်လောဆိုသည့် သျှမ်းပြည်မျိုးချစ်ပုဂ္ဂိုလ်များ စိုးရိမ်မှုဖြစ်နေချိန်တွင် လွယ်တိုင်း လျဲန်း အခြေစိုက် SSA ကလည်း သဘောထားကြေငြာချက်ထုတ်ပြန်ကြေငြာခဲ့သေးသည်။