အပစ်ရပ် SSA နယ်မြေအတွင်း တိုက်ပွဲဖြစ်

အပစ်ရပ် SSA နယ်မြေအတွင်း တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း အပစ်ရပ် SSA နယ်မြေအတွင်း အမည်မသိလက်နက်ကိုင်တစုနှင့် နအဖ စစ်ယာဉ်တန်း တို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ တိုက်ပွဲဖြစ်တာက မနေ့က မနက်ပိုင်း၊ မိုင်းရယ်ကနေ တန့်ယန်း အသွားလမ်းမှာ၊ အဲဒီဒေသက လမ်းမြောက် ဘက်ခြမ်း ဆိုရင် မန့်ပန်ဌာနေပြည်သူ့စစ်နယ်မြေ၊ တောင်ဘက်ခြမ်းက ကျနော်တို့တပ်ဖွဲ့” - ဟု အပစ်ရပ် SSA တပ်မှူး တဦးက ပြောပါသည်။

ဧပြီ ၂၉ ရက် လားရှိုးအခြေစိုက် ခလရ ၆၈ စစ်ယာဉ်တန်းတို့ မိုင်းရယ်မှ တန့်ယန်းဘက် ခရီးထွက်စဉ် ဟိုယ ကျေးရွာ အုပ်စုတွင် အမည်မသိ လက်နက်ကိုင်တစုက ခြံုခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ တိုက်ခိုက်မှုကြောင့် ဗမာ့ တပ်မတော်သားတဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း - ဆိုပါသည်။

“အပစ်ရပ် သျှမ်းပြည်တပ်မတော်မှာ တပ်မဟာသုံးခုရှိတယ်။ ၂ ခုက အင်အားတချို့စာရင်းပြပြီး အသွင်ပြောင်း ဖို့ လက်ခံထားတယ်။ ကျနော်တို့ တပ်မဟာ ၁ က မဟာမိတ်တပ်ဖွဲ့ သဘောတူညီချက်အရ လက်မခံဘူး။ အဲဒါ့ ကြောင့် ကျနော်တို့လက်ခံလာအောင်ဖိအားတခုအနေနဲ့သော်လည်းကောင်း၊ ခေါင်းမာနေတဲ့ ကျနော်တို့ တပ်ဖွဲ့ ကိုအပစ်ရှာ တိုက်ခိုက်နိုင်အောင် ဗမာ့တပ်မတော် နဲ့ ဗိုလ်မွန်းဦးဆောင်တဲ့ မန့်ပန်ဌာနေပြည်သူ့စစ်ပေါင်းပြီး အကွက်ဆင်တာလဲ ဖြစ်နိုင်တယ်။ အမှန်တကယ် ဘယ်သူ့ လက်ချက်လဲဆိုတာ ကျနော်တို့ စုံစမ်းနေဆဲ” - အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ပြော၏။

အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ က နအဖ စစ်ယာဉ်တန်းကို ခြံု ခိုတိုက်ခိုက်သည့် သတင်းကြောင့် အင်အားတောင့်တင်းသည့် မဟာမိတ်တပ်ဖွဲ့ ၀ပြည် သွေးစည်းရေးတပ်မတော် တပ်မှူးတဦး ကလည်း အပစ်ရပ် SSA တပ်ဖွဲ့အား ‘တဘက်က နအဖနဲ့ ပူးပေါင်းပြီး တဘက်ကလည်း နအဖကို ပြန်တိုက်နေတာ နားမလည် ဖြစ်မိကြောင်း’ သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထို့အထူ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်းအခြေစိုက် တပ်မှူးတဦးကလည်း ကြားတွင်ပိတ်ညှပ်နေသည့် အပစ်ရပ် SSA နယ်မြေ၏ လက်ရှိအခြေအနေ အပေါ် သုံးသပ်ကြည့်ပါက -

၁။ အသွင်ပြောင်းဖို့ အမည်စာရင်းပေးထား သည့် အဖွဲ့နှင့် လုံးဝလက်မခံသည့်အဖွဲ့တို့မှာ မိခင် SSA  တပ်မတော်တခုတည်းဖြစ်သည့်အတွက်ကြောင့် သံယောဇဉ်ဖြတ် ရန် မလွယ်ကူမှု ဖြစ်နေကြသည်ကိုတွေ့ရကြောင်း၊

၂။ ကိုးကန့်အရေးအခင်းကြောင့် မဟာမိတ် တပ်ဖွဲ့များနှင့်လည်း ရာနှုန်းပြည့်မယုံရဲကြောင်း၊

၃။ လွယ်တိုင်းလျဲန်းအခြေစိုက် SSA နှင့် ပူးပေါင်းမည်ဆိုပါက လည်း စစ်ပွဲဖြစ်ပွားရန် တွန်းပို့ သလိုဖြစ်မည်ကို စိုးရိမ်နေပုံရကြောင်း - ပြော၏။

မည်သို့ပင်ဆိုစေ အပစ်ရပ်တပ်ဖွဲ့များအပေါ် ဧပြီ ၂၈ ရက်နောက်ဆုံး အသွင်ပြောင်းရန် နအဖ ဖိအားပေးသည့်နောက်ဆုံး သတ်မှတ်ရက်က ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။ ပေးထားသည့် ရာဇဒဏ်အတိုင်း နအဖ ဆက်လုပ်မည် ဆိုပါကပြည်တွင်း စစ်မီးဖြစ်ပွားမည်မှာမလွဲကြောင်း သျှမ်းခေါင်းဆောင်တချို့က သုံးသပ်ပါသည်။


Most read this week