စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံ မြန်မာဆက်လက်ပါဝင်

စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံ မြန်မာဆက်လက်ပါဝင်
by -
ကိုဝိုင်း
ကမ္ဘာတဝှမ်း စာနယ်ဇင်းလွတ်လပ်မှု အဆိုးရွားဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဆက်လက်ပါဝင်နေပြီး စစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွင်း သတင်းစာ လွတ်လပ်ခွင့်ကို ပိုမိုတင်းကျပ်မှုပင် ပြုခဲ့သည်ဟု အမေရိကန်အခြေစိုက် နိုင်ငံတကာ လွတ်လပ်မှုဆိုင်ရာ အဖွဲ့ကြီးတခုက ယနေ့...

ကမ္ဘာတဝှမ်း စာနယ်ဇင်းလွတ်လပ်မှု အဆိုးရွားဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဆက်လက်ပါဝင်နေပြီး စစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွင်း သတင်းစာ လွတ်လပ်ခွင့်ကို ပိုမိုတင်းကျပ်မှုပင် ပြုခဲ့သည်ဟု အမေရိကန်အခြေစိုက် နိုင်ငံတကာ လွတ်လပ်မှုဆိုင်ရာ အဖွဲ့ကြီးတခုက ယနေ့ ထုတ်ပြန်သည်။

စစ်အစိုးရက အင်တာနက်ဆိုင်များကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ အနည်းဆုံး သတင်းသမား ၁၇ ဦးအား ဖမ်းဆီးထောင်ချခဲ့သည်ဟု Freedom House အဖွဲ့က ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကမ္ဘာတဝှမ်း စာနယ်ဇင်း လွတ်လပ်မှု အခြေအနေများကို စစ်တမ်းကောက်ယူပြီး ယခုနှစ်တွင် ထုတ်ပြန်ခြင်းသည့် အစီရင်ခံစာ၌ အဆိုးရွားဆုံး ၁ဝ နိုင်ငံထဲ၌ မြန်မာနှင့်အတူ ဘီလာရုစ်၊ ကျူးဘား၊ အီကွေတိုရီရယ် ဂီနီယာ၊ အီရီထရေး၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ တာမင်နစ်စတန်နှင့် ဥဘက်ကစ်စတန်တို့ ဖြစ်သည်။

”ထိုနိုင်ငံများတွင် လွတ်လပ်သော မီဒီယာမှာ လုံးဝမရှိခြင်း သို့မဟုတ် လည်ပတ်နိုင်ရန် မလွယ်ကူခြင်း၊ စာနယ်ဇင်းမှာ အုပ်စိုးသူ၏ ဝါဒဖြန့်လက်နက်ဖြစ်နေပြီး ပြည်သူလူထုမှာ ဘက်မလိုက်သော အချက်အလက်များကို ဆိုးရွားစွာ ကန့်သတ်ခံထားရသည်။ သဘောကွဲသူများအား ထောင်သွင်း အကျဉ်းချခြင်း၊ နှိပ်စက်ခြင်းနှင့် အခြားသော ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်” ဟု Freedom House က ပြောသည်။

အစီရင်ခံစာတွင် ”လွတ်လပ်မှုရှိသော” နိုင်ငံများ၊ ”တစိတ်တပိုင်း လွတ်လပ်ခြင်း” နှင့် ”မလွတ်လပ်သည့် နိုင်ငံများ'' ဟူ၍ ခွဲခြားထားသည်။ မြန်မာ၊ တရုတ်၊ တိဘက်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့သည် မလွတ်လပ်သည့် စာရင်းတွင် ပါဝင်ပြီး ထိုင်းနိုင်ငံကိုမူ တစိတ်တပိုင်း လွတ်လပ်သည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် နေ့စဉ်သတင်းစာနှင့် အသံလွှင့်ဌာန အားလုံးကို ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထားသည်။ ပုဂ္ဂလိက စာနယ်ဇင်းများကို ထုတ်ဝေခွင့်ပြုထားသော်လည်း ဖြန့်ချိခြင်းမပြုမီ စစ်ဗိုလ်များ ဦးစီးသည့် ဆင်ဆာအဖွဲ့က ဖြတ်တောက်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လူ့အဖွဲ့အစည်း၏ ကမောက်ကမဖြစ်နေမှုကို ရေးသားသည့် ကာတွန်းဆရာ အော်ပီကျယ်၏ အနုပညာလုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ထားသည်။ ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒဖော်ထုတ်ပွဲ၏ တွေ့ကြံုရမှုများကို ဘလော့မှတဆင့် ကမ္ဘာက သိစေရန် ဖော်ပြခဲ့သူ ဘလော့ဂါ နေဘုန်းလတ်မှာ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရသည်။

နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး - HRW မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ပေးသော ယခုနှစ် Hellman/Hammett ဂုဏ်ပြုဆုရှင် ကာတွန်းဆရာ ဟန်လေးက မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ၌ လွတ်လပ်မှု “လုံးဝ” မရှိကြောင်း ဆိုသည်။

“၈၈ နောက်ပိုင်း ပိုဆိုးလာတယ်။ လူတွေဟာ ထွက်ပေါက်မရှိလောက်အောင် ပိတ်နေတယ်။ လွတ်လပ်ခွင့်ဆိုတာ ဘာမှန်းကို မသိတော့ဘူးဗျ။ လူတွေဟာ အညွန့်ချိုး ခံလိုက်ရသလို ဖြစ်သွားတယ်” ဟု ဦးဟန်လေးက မဇ္စျိမကို ပြောသည်။

ကာတွန်းဟန်လေးသည် ၁၉၈၂-၈၄ အထိ ရန်ကုန်မြို့တွင် ပန်းချီ ပန်းပုအနုပညာကျောင်း တက်ခဲ့ပြီး ၁၉၈၈ ဖုန်းမော်အရေးအခင်းပြီးနောက် နယ်စပ်သို့ ထွက်ခွာလာခဲ့ သူဖြစ်သည်။ ဧရာဝတီမဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်းများ ရေးဆွဲနေပြီး သူ၏ လက်ရာများမှာ လူကြိုက်များလှသည်။

ကမ္ဘာတဝှန်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့် ကြံု့ဝင်နေမှု ၈ နှစ် ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု Freedom House အဖွဲ့က ပြောဆိုလိုက်သည်။

ယနေ့ လူသားများအနက် လူ ၆ ဦးတွင် တဦးသာလျှင် စာနယ်ဇင်း လွတ်လပ်သော နိုင်ငံများတွင် နေထိုင်နေရကာ အာရှ-ပစိဖိတ်ဒေသသာလျှင် လွန်ခဲ့သည့် နှစ်က ထက်စာလျှင် တိုးတက်မှုရှိခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ လက်တင်အမေရိကနှင့် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများတွင် နိမ့်ကျသွားမှု ဖြစ်သွား ခဲ့သည်ဟု ဆိုသည်။

အာရှတွင်တော့ ဘူတန်နှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံများသည် ”မလွတ်လပ်သော” နိုင်ငံများ စာရင်းဝင်မှ ”တစိတ်တပိုင်း လွတ်လပ်ရာ” နိုင်ငံများ ဖြစ်သွားကြသလို အိန္ဒိယနှင့် အင်ဒိုနီးရှားတို့လည်း တိုးတက်မှုပြလျက် ရှိသည်။

Most read this week