ပါတီမဖျက်ရေး တားဝရန်းထုတ်ရန် အန်အယ်ဒီ တရားရုံးသို့ လျောက်ထား

ပါတီမဖျက်ရေး တားဝရန်းထုတ်ရန် အန်အယ်ဒီ တရားရုံးသို့ လျောက်ထား
by -
ဖနိဒါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် တရားရုံုးချုပ်သို့ အတိုက်အခံ ပါတီအမတ်များက ယနေ့ ဦးတိုက် လျှောက်ထား....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် တရားရုံုးချုပ်သို့ အတိုက်အခံ ပါတီအမတ်များက ယနေ့ ဦးတိုက် လျှောက်ထားလိုက်ကြသည်။

အတိုက်အခံ ပါတီကြီးသည် မှတ်ပုံတင်ထားသော ပါတီဖြစ်ကြောင်းနှင့် စစ်အစိုးရက ထပ်မံ ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံများ မှတ်ပုံတင်ခြင်း ဥပဒေက ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံမတင်လျှင် အလိုအလျောက် ပျက်ပြယ်သွားမည် ဆိုခြင်းကို ကန့်ကွက်သောအားဖြင့် တရားရုံးက တားဝရန်း ထုတ်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်း အလိုအလျောက် ပျက်ပြယ်သည် ဆိုခြင်းက ထိခိုက်နစ်နာမှု ဖြစ်သောကြောင့် တရားရုံုးက အမတ်များ၏ ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြု ကြေညာပေးရန်နှင့် လွှတ်တော်ခေါ်ယူပေးရန် လျှောက်ထားလိုက်ကြခြင်း ဖြစ်သည်။

ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က နံနက် ၁၁ နာရီချိန်တွင် သွားရောက် လျှောက်ထားခဲ့ကြခြင်း ဖြစ်ပြီး လျှောက်ထားချက် အဆိုပြုလွာများကို ၁ နာရီချိန်တွင် တရားရုံးချုပ်မှ ဒု ညွန်ကြားရေးမှူး ဒေါ်စုငယ်က လက်ခံထားလိုက်သည်။

အန်အယ်ဒီဥက္ကဌ ဦးအောင်ရွှေအပါအဝင် လွှတ်တော်အမတ် ၂၆ ဦးက တရားရုံုးသို့လျှောက်ထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရားရေးအရ ရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။

တရားရုံုးသို့လျှောက်ထားသူများတွင် အန်အယ်ဒီ ပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေး အငြင်းပွားမှုတွင် မှတ်ပုံတင်လိုသော လူနည်းစုဘက်မှဖြစ်သော စမ်းချောင်း မြို့နယ်အမတ် ဦးခင်မောင်ဆွေ၊ ကျောက်တန်းမြို့နယ်အမတ် ဒေါက်တာသန်းငြိမ်းတို့လည်း ပါဝင်သည်။

အမှုများကို တရားရုံုးက လက်ခံသင့် မသင့်ကို မနက်ဖြန် မွန်းလွဲ ၁ နာရိီတွင် အမိန့်ချမည်ဟု ချိန်းဆိုလိုက်ပြီး လက်ခံစဉ်းစားလျှင် အမှုတခုချင်း သီးခြားရင်ဆိုင်ရမှာ ဖြစ်သည်။

၁၉၉၀ ခု ရွေးကောက်ပွဲတွင်  အန်အယ်ဒီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၈၅  ဦးအနက် အန်အယ်ဒီက ၃၉၂ နေရာ အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပေးရန် ငြင်းဆန်သည်။

အန်အယ်ဒီက တရားရေးအရ ရင်ဆိုင်သော်လည်း မြန်မာနိုင်ငံ၏ တရားရုံုးများမှာ အစိုးရ အလိုကျ ဆုံးဖြတ်သော တရားရုံးများ ဖြစ်သဖြင့် ထိရောက်မှုမရှိဟု ဝေဖန်သူများက ပြောသည်။။

ဥိီးဉာဏ်ဝင်းကတော့ ” ကျနော်တို့ ပြောချင်တာက တရားဥပဒေအရ လုပ်ပိုင်ခွင်တရှိတာ ဥပဒေဘောင်ထဲက လုပ်ပိုင်ခွင့်ရှိတာ အကုန်လုပ်မယ်။” ဟုပြောသည်။

ရွေးကောက်ပွဲဥပဒေများ တရားမျှတမှုမရှိ ဆိုကာ အန်အယ်ဒီက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှကျန်ရစ်သော နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ပါတီ ၄ ခုသာလျှင် ပြန်လည်မှတ်ပုံတင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မေလ ၆ ရက်နေ့မတိုင်မီ ပါတီဟောင်း ပါတီသစ်များ မှတ်ပုံတင်ရမှာဖြစ်ပြီး ကျော်လွန် သွားလျှင် ပါတီပျက်မှာ ဖြစ်သည်။

Most read this week