ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၄၅ သို့ ဗုံးခွဲတိုက်ခိုက်မှုဆိုသော ခြိမ်းခြောက်စာတစောင် ပို့ခံရသည်ဟု တပ်နှင့်နီးစပ်သူ တဦးက ပြောသည်။
ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်း အမည်ဖြင့် စာအိတ်တအိတ်ကို အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တဦးက တပ်ရင်းဂိတ်ဝရှိ ဂိတ်စောင့်အား ယခုလ ၂၆ ရက်နေ့က လာရောက်ပေးသွားခဲ့သည်။ စာထဲတွင် တပ်ဝင်းကို ဗုံးခွဲတိုက်ခိုက်မည်ဟု ရေးသားထားသည်ဟု သိရသည်။
“ဂိတ်စောင့်ကလည်း စာလာပေးတဲ့လူကို တခါမှ မမြင်ဖူးဘူးလို့ ပြောတယ်။ ဗျူဟာမှူးကို သွားပေးတော့ သူလည်းဖတ်ပြီး တပ်ဝင်းတဝင်းလုံး ဗုံးခွဲမယ့် သတင်းရလို့ လုံခြံုရေး ဂရုစိုက်ဖို့ မှာထားတယ်လို့ ပြောတယ်” ဟု သတင်းရပ်ကွက်က မဇ္စျိမကို ပြောသည်။
ဗျူဟာမှူးက တပ်မိသားစုများနှင့် ဝန်ထမ်းများအား သတိထားနေကြရန်နှင့် တပ်တွင်း အဝင်အထွက်ကို ပိုမိုစိစစ်ရန် မှာကြားထားသည်။
ခြိမ်းခြောက်စာလာပို့သူကို ရှာဖွေလျက်ရှိပြီး ကွတ်ခိုင်မြို့အထွက်ရှိ မူဆယ်၊ နမ့်ခမ်းဘက်သို့သွားသည့် စစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ ဝင်ရောက်လာသူများကို မှတ်ပုံတင်နှင့် တကွ အိတ်များကိုပါ ဖွင့်စစ်ဆေးမှုများ ပိုမိုပြုလုပ်လျက်ရှိသည်။
စာပို့ခြိမ်းခြောက်သူမှာ အစိုးရဆန့်ကျင်ရေးအဖွဲ့များ သို့မဟုတ် အခွန်အကောက် ပြိုင်ကောက်နေကြသော နီးစပ်ရာရှိ အခြားသော တပ်မတော် တပ်ရင်းများက ဖြစ်နိုင်သည်ဆိုသော တွက်ဆနေကြသည်။
ယခုလ ၁၅ ရက်နေ့မှစတင်၍ ဗုံးပေါက်ကွဲသော သတင်းများ မကြာခဏ ပေါ်ထွက်နေရာ အင်္ဂါနေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသက် ၃ဝ နှစ်ခန့် သံသယရှိသူ တဦးကို ရဲက စစ်ဆေးနေစဉ် ဗုံးဖောက်ခွဲလိုက်သဖြင့် ထိုသူသေဆုံးသွားပြီး ရဲ ၄ ဦး ဒဏ်ရာရသွားခဲ့သည်ဟု AFP သတင်းတပုဒ်တွင် ပါရှိသည်။
၂၃ ရက်နေ့က မနက်ပိုင်းက ရန်ကုန်မြို့ရှိ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့တွင် ဗုံးဟု ထင်ဟပ်စေနိုင်သော အထုပ်တထုပ်ကို တွေ့ရှိခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ နယ်မြေခံရဲများ ဦးစွာရောက်ရှိလာခဲ့ပြီး ဆေးရုံကြီး အရေးပေါ်ဌာန ရှေ့တည့်တည့်ရှိ ဧရိယာအား ပိတ်ဆို့ရှာဖွေခဲ့သည်။
မိုင်းရှင်းလင်းရေးအဖွဲ့များ ရောက်ရှိလာပြီး စစ်ဆေးကြည့်သည့်အခါ တရုတ်နိုင်ငံထုတ် တိုင်ကပ်နာရီတလုံးဖြစ်ကြောင်း သိရသည်။
ယခုလအစောပိုင်းက ကချင်ပြည်နယ်တွင် မြစ်ဆုံဆည်စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုများကြောင့် အင်ဂျင်နီယာတဦး ဒဏ်ရာရခဲ့သည်။
ယခုလ ၁၅ ရက်နေ့က ရန်ကုန်သင်္ကြန်ပွဲတွင် ဗုံး ၃ လုံး ပေါက်ကွဲရာ ၅ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ၁ဝ ဦး သေဆုံးပြီး၊ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။