ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေစိစစ်ရေးဌာန အကြိီးအကဲ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကို ရာထူးတိုးမြှင့်ကာ အခြားသော ဌာနသို့ ပြောင်းရွှေ့ပေးတော့မှာ ဖြစ်သည်။
ဗိုလ်မှူးတင့်ဆွေသည် ဒုညွန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြန်ကြားရေးအောက် အခြားသော ဌာနသို့ မကြာမီ ပြောင်းရွှေ့ရမှာဖြစ်ပြီး သူ၏ နေရာသို့ ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ခန့်အပ်မှာ ဖြစ်သည်။
ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်မှာ တွဲဘက်ညွှန်ကြားရေးမှူးအဖြစ် စာပေစိစစ်ရေးဌာနသို့ ရောက်ရှိနေပြီး လုပ်ထုံးလုပ်နည်းများ လေ့လာမှုပြုနေသည်။
ပြန်ကြားရေးဝန်ကြီးဌာနအောက် စာပေစိစစ်ရေးဌာနတွင် ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ စာပေစိစစ်ရေး ညွှန်မှူးအသစ် ပြောင်းလဲမည်ဖြစ်သဖြင့် စာမူများအပေါ် အဖြတ်အတောက် ကြမ်းလာမည်ကို ရန်ကုန် စာပေလောကသားများ စိုးရိမ်နေသည်။
“စာပေစိစစ်ရေးမှာက ညွန်မှူးအပြောင်းအလဲဖြစ်တာနဲ့ စာပေအသိုင်းအဝိုင်းမှာ အခက်အခဲ ပိုဖြစ်လာတယ်။ ... အမှန်ကတော့ ဘယ်သူမှ မရှိလေ ကောင်းလေပါပဲ” ဟု လစဉ်ထုတ် မဂ္ဂဇင်းတစောင်၏ ဝါရင့်အယ်ဒီတာတဦးက ပြောသည်။
ဗိုလ်မှူးတင့်ဆွေသည် ၂ဝဝ၅ ခုနှစ်ကစတင်ကာ စိစစ်ရေးညွှန်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်/မှူး မဖြစ်မီ မြဝတီမဂ္ဂဇင်းတိုက်၌ လုပ်ကိုင်ခဲ့ကာ ကိုယ်တိုင်လည်း ရဲရင့်တင့်ဆွေ ဟူသော ကလောင်အမည်ဖြင့် စာပေများ ရေးသားခဲ့သူ ဖြစ်သည်။
သတင်းမီဒီယာသာမက တေးသီချင်းများ၊ ဘာသာရေး စာအုပ်စာတမ်းများ၊ ကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်များ၏ အထုပ္ပတ္တိများ၊ နိုင်ငံရေးသမိုင်းများ အပါအဝင် ထုတ်ဝေဖြန့်ချိမှုမတိုင်ခင် ဆင်ဆာဖြတ်တောက်နေသည့် စာပေစိစစ်ရေးအား စာပေ၊ ဂီတ အနုပညာသည်များက “စာပေ ကင်ပေတိုင်” ဟု ခေါ်ဝေါ်သမုတ်ကြသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက နိုင်ငံတော် အာဏာကို သိမ်းပိုက်ပြီးနောက် စာပေစိစစ်ရေးယန္တရားကို စတင် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။