ပခုက္ကူမြို့တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိခဲ့သလို လူအသေအပျောက်ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မကွေးတိုင်း ပခုက္ကူမြို့တွင် တင်္နလာနေ့ညနေ ၅ နာရီခွဲတွင် လေပြင်းတိုက်ခိုက်ရာ အိမ်များ အမိုးအကာများ လွင့်ထွက်ခြင်း၊ သစ်ပင်ပြိုလဲ၍ ပိခြင်း၊ လျှပ်စစ်ဓာတ်အား ပေးကြိုးများနှင့် တယ်လီဖုန်းကြိုးများ ပြတ်တောက်သွားခဲ့သည်။
“လေရောမိုးရော တပြိုင်တည်းဝင်လာတာ၊ သစ်ပင်တွေဆို အမြစ်ကနေကျွတ်ထွက်တယ်။ တချို့ခါးပိုင်းလောက်ကနေကျိုးကျတယ်။” ဟု ပခုက္ကူမြို့အနောက်ခြမ်းရှိ မြကန်သာ ရပ်ကွက်နေသူ တဦးက မဇ္စျိမ ကိုပြောသည်။
“လေကအရမ်းပြင်းတယ်။ တဝုန်းဝုန်းနဲ့မိုးရောလေရောဝင်လာတယ်ဆိုတော့ ကျမတို့လည်း တံခါးတွေပိတ် ပြိးအိမ်ထဲမှာပဲနေတယ်။ အပြင်ထွက်ကြည့်တော့ သစ်ပင်တွေ က အမြစ်တွေပါကျွတ်ထွက်တယ်။ တချို့သစ်ပင်တွေဆို ထက်ပိုင်းတွေကျိုးကျတယ်။ ဟိုဘက်ခြမ်းကအိမ်ဆို မိုးထားတဲ့ သွပ်ပြားတွေလှန်ထွက်ကုန်တာ” ဟု ဆက်ပြော သည်။
ဒေသခံများ ခန့်မှန်းချက်အရ အိမ်ခြေ အနည်းဆုံး ၂ဝ ကျော် ပျက်စီးမှုရှိခဲ့ပြိီး အမှတ် ၁၅ ရပ်ကွက်တွင် ပျက်စီးမှုအများဆုံး ဖြစ်သည်ဟု ဆိုသည်။ သစ်ပင်ပိ၍ ကလေး နှစ်ဦးနှင့် လူကြီးတဦး သေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရသူများလည်းရှိကြောင်း ဆက်သွယ်ရရှိသော ဒေသခံများက ပြောသည်။
“သစ်ပင်တွေ၊ ဓါတ်တိုင်တွေကပြိုတာ ဒီလမ်းတလမ်းထဲတင်ပြိုတာအများကြီးပဲ။ စည်ပင်နဲ့ မီးသတ်နဲ့ တော့ ခုက်ပြီးရှင်းနေကြတယ်။ တမြို့လုံးနီးပါးဆိုတော့ သူတို့ တရက်တည်း နဲ့တော့ ရှင်းလို့ပြီးမှာ မဟုတ် ဘူး” ဟု မြို့မစျေးကြီးအနီးနားနေထိုင်သူ တဦးက ပြောသည်။
တယ်လီဖုန်းလိုင်းအနည်းငယ်သာ ကောင်းမွန်ကျန်ခဲ့သဖြင့် ဆက်သွယ်ရခက်ခဲလှသည်။
ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးက ပေးပို့သောစာရင်းတရပ်တွင်မူ လေပြင်းကြောင့် ခရိုင်အားကစားကွင်း၊ နယ်စပ်စည်ပင်၊ အိမ်တွင်းမှုကျောင်း၊ အာမခံရုံုး၊ ကုန်သွယ် လယ်ယာ တို့၏ အမိုးများ ပျက်စီးသွားသည်ဟုသာပါရှိသည်။
မြန်မာနိုင်ငံတွင် မက်လ မှစတင်ကာ မေလ ၂ဝ ရက်နေ့အတွင်း မိုးကြိုးမုန်းတိုင်းနှင့် လေပြင်းမုန်တိုင်းများ ကျလိမ့်မည်ဟု မိုးလေဝသ ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ယခုလ အစပိုင်းက သတိပေး ပြောဆိုခဲ့သည်။