သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ်-ပန်ဆိုင်းမြို့နယ်နှင့် တရုတ်ဘက်ခြမ်း ၀မ်းတိန်မြို့သို့ ညအ ချိန်သွား လာသူများထံမှ မြန်မာစစ်တပ်က တစ်ဦးလျှင် တရုတ် ယွမ်ငွေ ၃၀၀ အထိ တောင်းယူနေကြောင်း အဆိုပါဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တရုတ် - မြန်မာ နယ်စပ်အနီး လုံခြံုရေးယူရန် ဧပြီလ ၁၉ ရက်ခန့်က ကြူကုတ် - ပန်ဆိုင်း မြို့နယ် ၀မ့်အင် နှင့် ကျိန်းယန်းရွာ သို့ ကြိုတင် အကြောင်းကြားခြင်းမပြုပဲ ရောက်ရှိလာသည့် မြန်မာစစ်သားများက ည ၁၀ နာရီ ကျော် သွားလာသူများအား ဖမ်းဆီး၍ ငွေညှစ် ခြင်းဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်အား နမ့်ယန်းချောင်းခြားထားပြီး ဒေသခံများက လယ်ကွင်းများမှတဆင့် ချောင်းဖြတ်ကူးကာ တရုတ်ဘက်ခြမ်းသို့ အလည်အပတ် သွားလာလေ့ ရှိသော ကြောင့် နအဖ စစ်သားများအကွက်ချောင်း ငွေညှစ် ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်း ရောက်နေတာတော့ တစ်ပတ်လောက်ရှိပြီ ညမထွက်ရဘူးလို့ ကြိုတင်အကြောင်းမကြားဘူးပေါ့ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့က ၁၀ နာရီကျော် သွားလာတဲ့ သူတွေကိုဖမ်းတယ် ၂၀ ရက်နေ့က ၂၇ ယောက် ရှိတယ် ဖမ်းပြီးမှ ပိုက်ဆံ ယူတယ်လေ တစ်ယောက်ကို ယွမ် ၃၀၀ အထိ ယူတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် မန့်မိုင်၊ ကျိန်းယန်းလွိုင်၊ ကျိန်းယန်းတုံ၊ မန့်အင်၊ ကောင်းခန်၊ နမ့်စွမ်းနှင့် နမ့်ပန်း ရွာနီးချုပ်စပ်တစ်ဝိုက်တွင် လှုပ်ရှားနေကြောင်း သိရသည်။
“အရင်တုန်းက ဒီလိုသိပ်မလုပ်ဘူး ၁၀ နာရီကျော်လို့ဖမ်းတယ်တဲ့၊ ပိုက်ဆံယူပြီးတော့ ပြန်လွတ်မှာပေါ့နော့ တရုတ်လူ က ရ ယောက် ၈ ယောက်ဖမ်းရတယ် အဲလိုဖမ်းတာ ရွာလူကြီးတွေလည်းမပါဘူး စစ်သားတွေပဲ” ဟု သူက ဆိုသည်။ မြန်မာ စစ်တပ်၏ ဖမ်းဆီးငွေညှစ်မှုများကြောင့် ယခုအခါ အဆိုပါဒေသခံများ ညအချိန် အပြင်မထွက်ဝံ့ တော့ကြောင်း သိရသည်။
“ဒီမှာလာနေတာကတော့ တစ်ပတ်လောက်ရှိပြီ အဲဒီ ၂ ရက်ဖမ်းပြီးတော့ လူကတော့သိပြီပေါ့ ၁၀ နာရီမကျော်ရဲတော့ဘူး ပေါ့” - ဟု သူက ဆက်ပြောသည်။