ကေအိုင်အို ဆက်ဆံရေးရုံး ရှောင်တခင် စစ်ဆေးခံရ

ကေအိုင်အို ဆက်ဆံရေးရုံး ရှောင်တခင် စစ်ဆေးခံရ
by -
စိုင်းမျိုးကြီး
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည် နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်) ရွာရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံုးအား နအဖ စစ်တပ်က  ရှောင်တခင် ရှာဖွေ...

နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည် နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်) ရွာရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံုးအား နအဖ စစ်တပ်က  ရှောင်တခင် ရှာဖွေ စစ်ဆေးခဲ့သည်။

ဒေသခံ နအဖ စစ်တပ် ရဲ အရံမီးသတ်နှင့် ကျေးရွာအာဏာပိုင်များက ယမန်နေ့ည ၁၀ နာရီခန့်တွင် အဆိုပါရုံး အတွင်းသို့ ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း ကေအိုင်အိုအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဖားကန့်မြို့အနီးတွင် ကေအိုင်အေ အမှတ် ၆ တပ်ရင်း အခြေဆိုက်ထားပြီး ဆိပ်မူ(ဆိုင်တောင်) ရွာ၌ တိုက်နယ် ဆက်ဆံရေး ရုံးတစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

“ကေအိုင်အို တပ်ရင်း ၆ ဖားကန့်ခရိုင် ဆိုင်းတောင် တိုက်နယ်ရုံးမှာ မနေ့ညက ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ လာ စစ်ဆေး တယ်် ဧည့်စာရင်းလာစစ်တယ်လို့ တော့ပြောတယ် ဒါပေမဲ့ သူတို့စစ်တာက မသင်္ကာတဲ့ ပုံစံမျိုးနဲ့ ရှာဖွေ သွားတာ ဖြစ်တယ် ” ဟု ဖားကန့်ဒေသခံ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၁၉၉၄ ခုနှစ် နအဖနှင့်ကေအိုင်အိုတို့ ငြိမ်းချမ်းရေးရယူပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် ကေ အိုင်အို ဆက်ဆံရေးရုံးများထားရှိရာ ယခင်ကာလက စစ်ဆေးခံဖူးခြင်း မရှိကြောင်း သိရသည်။

“ခါတိုင်းကဒီလိုစစ်ဆေးလေ့မှမရှိတာ အခုမှ ဒါမျိုးဖြစ်တယ်ဆိုတော့ အခုနောက်ဆက်တွဲတွေက ကေအိုင်အိုနဲ့ အဆင်မပြေလို့် ရန်ရှာတဲ့ပုံစံမျိုးလို့ ကေအိုင်အိုကမြင်တယ် ငြိမ်းချမ်းရေးကိုဆက်လက်ပြီးတော့ အကောင်အထည် ဖေါ်ဖို့ပဲ စိတ်ဆန္ဒရှိတယ် အခုလိုလုပ်နေတာ သက်သက်မဲ့ရန်စတဲ့ပုံစံမျိုးဖြစ်တယ်” ဟု သူကဆိုသည်။

ကျောက်စိမ်းထွက်ရာ လုံးခင်းမှော်နှင့် ကေအိုင်အို တပ်ရင်း ၆ ဆက်သွယ်ထားသည့် လမ်းအတွင်း ဆန်ခါရွာ အနီး တွင် ယခုရက်ပိုင်းအတွင်း နအဖစစ်တပ် စစ်ဆေးရေး ဂိတ် တစ်ခု ထပ်မံဖွင့်လှစ်ထားကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ရှိ ကချင်ခရစ်ယာန်ဘာသာရေး ဆရာ များလည်း ယမန်နေ့က နအဖအာဏာပိုင်များ၏ခေါ်ယူ မေးမြန်းခြင်း ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက မြစ်ကြီးနားက သင်းအုပ်ဆရာ ဂွမ်စယ် သူကတော့ နောင်နန်းကျမ်းစာ ကျောင်းအုပ်အဟောင်းပေါ့ အခုကတော့ ကျေးလက်ဖွ့ံဖြိုးရေးမှာလုပ်နေတဲ့ NGO ထဲမှာနာယက သူနဲ့အတူ မြစ်ကြီးနားက ဘာသာရေးဆရာ ဆရာဇောင်းစယ်တို့ကို  မနေ့က မနက်အစောကြီးခေါ် စစ်ပြီးမှ ညနေ ၅ နာရီမှ ပြန်လွတ်တယ် ” ဟု ဆိုသည်။

ကချင်ပြည်နယ် မြောက်ဖျားပိုင်း မေခနှင့်မလိခ မြစ်ဆုံဒေသတွင် တရုတ်ကုမ္ပဏီနှင့်မြန်မာနအဖအာဏာပိုင်များ ပူးပေါင်း၍ ရေကာတာစီမံကိန်းတည်ဆောက်သည့် နေရာတွင် ဧပြီ ၁ရ ရက်နေ့က ဗုံးများဆက်တိုက် ပေါက်ကွဲ ခဲ့အပြီး ယခုလို ရှာဖွေစစ်ဆေးမှုများ ဖြစ်ပေါ်လာသည်။

ဧပြီလ ၂၂ ရက်နေ့က နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုနှင့် နအဖစစ်အာဏာပိုင်တို့ မြစ်ကြီးနားတွင်ဆွေးနွေး နေရာ ယနေ့ မြောက်ပိုင်းတိုင်းအာဏာပိုင်များနှင့် ဆက်လက််ဆွေးနွေးဖွယ်ရှိကြောင်း ကေအိုင်အို သတင်းရပ် ကွက် မှ တဆင့် သိရသည်။

Most read this week