ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် လူ့အခွင့်အရေးကိစ္စဘက် ဦးလှည့် လုပ်ကိုင်သွားမည်ဟု ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် NLD လူငယ်ပြန်ကြားရေး တွဲဖက် တာဝန်ခံ ကိုခိုင်စိုးက ပြောသည်။
ပြီးခဲ့သည့်လ ၉ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လာမည့်လဆန်းပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပါတီသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ ၎င်းတို့အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုလုပ်ကိုင်သွားမည့်အကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“NLD က ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ပြီးနောက်ပိုင်း ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို လူမှုရေးဘက်ကို ဦးတည်ပြီး လုပ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေအရ လူ့အခွင့်ရေး လှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား လုပ်သွားရတော့မယ်လို့ ယူဆလို့ လုပ်တာပါ။ ဘာ့လို့လဲဆိုတော့ ၂ဝဝ၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲနောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးလာနိုင်တယ် ယူဆလို့ပါ” ဟု ကိုခိုင်စိုးက မဇ္စျိမကို ပြောသည်။
“ကျနော်ကလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့ဖူးတော့ အတွေ့အကြံုလည်း ရှိခဲ့ပါတယ်။ ကျနော်တို့ လုပ်မယ့် အနေအထားအပေါ် မူတည်ပြီး ဘယ်လိုအန္တရာယ် ရှိတယ်ဆိုတာကို သဘောပေါက်ပြီးသားပါ။ သို့သော်လည်း အချိန်အခါက ကျနော်တို့ ကြောက်နေလို့ မရဘူး။ လုပ်စရာ ရှိတာကို လုပ်ရတော့မယ်လို့ မြင်လို့ပါ။ 'ဒီလိုလုပ်တာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့အတူ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်လာဖို့ပါ။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေက စစ်မှန်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မရနိုင်ဘူး ယူဆလို့ လုပ်တာပါ” ဟု သူက ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် လူ့အခွင့်အရေးလှုပ်ရှားမှုကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်သွားမည်ဖြစ်ကာ၊ ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်း ခရီးစဉ်များဖြင့် စတင်မည်ဖြစ်ပြီး ကျေးလက်ဒေသများတွင် ကြံုတွေ့နေသည့် အာဏာပိုင်များ၏ ဖိနှိပ်မှု၊ ကလေးစစ်သား စုဆောင်းမှုအပြင် ရွေးကောက်ပွဲတွင် အတင်းအဓမ္မ မဲပေးခိုင်းခြင်းများကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ဖော်ထုတ်သွားမည်ဟု သိရသည်။
“နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုကို တတ်နိုင်သလောက် ထောက်ပံ့မယ်။ သူတို့ရဲ့အိမ်ကို သွားပြီး ဆွေနွေးမယ်၊ နှစ်သိမ့်မယ်၊ အားပေးမယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး force မရှိဖို့၊ လွတ်လပ်စွာ ဆုံးဖြတ်နိုင်တဲ့ အနေအထားရှိဖို့ ပြောပြဆွေးနွေးမယ်။ အဲဒါမျိုးတွေ ကြံုတွေ့ရရင်လည်း ကျနော်တို့ကို အကြောင်းကြားဖို့နဲ့ ကျနော်တို့ကတဆင့် ဒီကိစ္စတွေကို သိသင့်သိထိုက်တဲ့ လူတွေကို ပြောပြဖို့ ဖြစ်ပါတယ်” ဟု ကိုခိုင်စိုးက ပြောသည်။
သူ၏လုပ်ငန်း၌ ဝန်းရံပေးမည့်သူများ ရှိနေပြီး ယခုအချိန်တွင် တဦးတည်းတာဝန်ခံ၍ လုပ်ကိုင်မည်ဖြစ်ကာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အကျဉ်းကျနေသဖြင့် သူမ၏ လုပ်ငန်းများအား ကွက်လပ်ဖြည့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။
ကိုခိုင်စိုးသည် ၁၉၉၈ ခုနှစ်တွင် အင်းစိန်မြို့နယ် အထူးတရားရုံးက အရေးပေါ် စီမံချက် အက်ဥပဒေ - ပုဒ်မ ၅ (ည)၊ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု - ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ရ နှစ် ချမှတ်ခံရပြီး၊ ၂ဝဝ၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထောင်မှ လွတ်မြောက်လာပြီးနောက် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကာ၊ ၂ဝဝ၇ ခုနှစ်တွင် NLD အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
သူက “ကျနော် ထောင်က ထွက်လာပြီးနောက်ပိုင်း အရမ်းဆင်းရဲတဲ့ ကလေးတွေ၊ ပညာရေး တပိုင်းတစနဲ့ ကျောင်းထွက်ပြီး လမ်းဘေးရောက်နေတဲ့ ကလေးတွေကို အလှူရှင်တွေရှာပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခုခု သင်ပေးတာတွေ၊ စီးပွားရေး အခက်အခဲကြောင့် ပြည့်တန်ဆာလုပ်နေတဲ့ မိန်းကလေးတွေ လမ်းမှန် ရောက်အောင် စည်းရုံးပြီး ဆံပင်ညှပ်သင်တန်းပေးပြီး အလုပ်လုပ်နိုင်အောင် ကူညီတာတွေကို လုပ်ခဲ့ပါတယ်” ဟု ပြောသည်။