သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ဆေးရုံအုပ်အဖြစ်ပြောင်းလာသူ နေပြည်တော်မှ ဆရာဝန်မကြီး ခွဲစိတ်ပေး သည့် မွေးလူနာမှာ မိခင် နှင့် ကလေး နှစ်ယောက်စလုံး သေဆုံး သွားသည်ဟု စုံစမ်းသိရှိရပါသည်။
“၉ ရက်နေ့မှာခွဲစိတ်တယ်၊ ၁၀ ရက်နေ့မှာအမေဖြစ်သူသေတယ်။ နောက်တရက်တော့ကလေးထပ်သေတယ်”- ဟု အမည်မဖေါ်လိုသည့် ၎င်းမိသားစုအသိုင်းအဝိုင်း တဦးကပြောသည်။
ဧပြီ ၉ ရက်နေ့က နမ့်ခမ်းမြို့ ရပ်ကွက် (၁) အောင်မေတ္တာနေ စိုင်းအိုက်ဝင်း၏ဇနီး နန်းခမ်းခင် အသက် ၃၅ နှစ် မှာ နမ့်ခမ်းဆေးရုံ၌ မွေးလူနာအဖြစ် တက်ရောက် ခွဲစိတ်မီးဖွားခဲ့ရာ နေပြည်တော်မှ ပြောင်းလာသည့် ဆရာဝန် မကြီး ဒေါ်ခင်အုန်းကြည် အသက် ၅၀ ကျော်က ကိုယ်တိုင် ခွဲစိတ်ပေးခဲ့သော်လည်း ရက်ပိုင်း၌သာ ကလေးရော မိခင်ပါသေဆုံး သွားခဲ့ရကြောင်း - သိရပါသည်။
“ဆရာဝန်မ ဒေါ်ခင်အုန်းကြည်က ဧပြီ ၈ ရက်နေ့က ဘဲ နေပြည်တော်ကနေ ပြောင်းလာတာ။ ဘယ်လူနာမဆို ခွဲစိတ်ကုသရင် ကျပ်ငွေ ၅ သောင်း အရင်ပေးအပ်ရမယ်။ သူကိုယ်တိုင်မခွဲပေးတာတောင်မှ ကျပ် ၂ သောင်းကသူ့ကို ပေးရမယ်။ မရရင် ခွဲစိတ်ခွင့်လက်မှတ်ထိုးပေးမှာ မဟုတ်ဘူးလို့ ရောက်ရောက်ချင်းမှာဘဲ ပြောတယ်”- ဟု ဆေးရုံ အသိုင်းအဝိုင်းတဦးက ပြော၏။
နမ့်ခမ်းဆေးရုံ စတင်တည်ထောင်သူ အမေရိကန်သား Dr. Seagrave (http://cbi-theater-1.home.comcast.net)
သေဆုံးသွားသည့်မွေးလူနာ နန်းခမ်းခင်အား ဆေးရုံအုပ် ဒေါ်ခင်အုန်းကြည် နှင့် အတူ ဒေါက်တာရဲမြင့်က ကူညီခွဲ ပေးသည်ဟု ဆိုပါသည်။
“ခမ်းခင်သေတာ သူ့လက်ချက်ဘဲ၊ ကောင်းကောင်းခွဲစိပ်ကုသ မပေးလို့ပေါ့၊ သူပြောတဲ့အတိုင်း ပိုက်ဆံကျပ် ၅ သောင်း လဲ ကြိုတင်ပေးချေပြီးပြီဘဲ၊ အခုခေတ် ကလေးမွေးလို့ သေတယ်ဆိုတာ ရှာမှရှားဘဲ ၊ အခု ဆရာဝန် ကည့ံလို့ လူနာ သေရတာ ” - အောင်မေတ္တာရပ်ကွက်သားက ပြောပါသည်။
ယခု လူနာသေဆုံးသွားရသည့်အကြောင်းရင်းမှာ ဆရာဝန်က လူနာအသက်ထက် ပိုက်ဆံကိုပိုတန်ဖိုးထားခြင်း၊ ခေတ်မှီအသုံးအဆောင်မရှိခြင်း၊ လုပ်ငန်းအပေါ် အလေးမထားခြင်း၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ြုပစုစောင့် ရှောက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု နမ့်ခမ်းမြို့ခံတဦးက ဤကဲ့သို့သုံးသပ်ပြပါသည်။
“ဆရာဝန်ဆိုတာ လူနာအပေါ် စေတနာထားရမယ်၊ ၀ါသနာ နဲ့ အတူ အနစ်နာခံရမယ်။ နာသုံးနာပေါ့ဗျာ၊ အခုဟာက ဒီလိုမှ မဟုတ်တာ၊ တခြားအစိတ်အပိုင်း သွားခွဲစိတ်မိလဲ ဘယ်သူကသိမှာလဲ”
နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသည် အင်္ဂလိပ်ခေတ်က ဒေါက်တာစီးဂရေ့ဖ်Dr. Seagrave ဆေးရုံဟု ထင်ရှားပြီး မဆလ ခေတ်ဦးပိုင်း အထိ သျှမ်းပြည်တွင် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုပေးသည့် ဆေးရုံတခုဖြစ်သည်။