ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) က အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းထံ ဧပြီလ ၁၅ ရက်နေ့က စာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။
နယ်ခြားစောင့်တပ် အဆိုကို ဧပြီ ၂၂ ရက်နေ့ အကြောင်းမပြန်လျှင် ငြိမ်းချမ်းရေးမယူခင် အခြေအနေသို့် ရောက်ရှိ မည်ဖြစ် ကြောင်း ကေအိုင်အိုကို ရာဇသံ ပေးထားသည့် အပေါ်စာရေးသား ပေးပို့ရခြင်း ဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့က လိုင်ဇာမြို့တွင် ပြုလုပ်သည့် လူထုရှင်းလင်းပွဲတွင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
၂၀၀၉ ခုနှစ် ၄၈ နှစ်မြောက် ကေအိုင်အိုတော်လှန်ရေးနေ့အခမ်းအနား
“ဧပြီလ ၄ ရက်နေ့က ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ နောက်ဆုံးတွေ့တဲ့ အချိန်မှာ ၂၂ ရက်နေ့မှာ ဖြေဖို့ပြောတယ် အဲဒီအ ဖြေဟာ နယ်ခြားစောင့်ကို လက်ခံတဲ့ အနေအထား ဖစ်ပြီးမှ ၂၈ ရက်နေ့ကနေစပြီး ဖွဲ့စည်းပုံများကို ၂ ပတ်အတွင်း ပြီးအောင် ဆောင်ရွက်ရမယ် လို့ပြောတယ် ၂၈ ရက်နေ့ကျော်သွားတဲ့ နောက်ပိုင်းမှာ လက်မခံဘူးဆိုရင် ၁၉၉၄ ခုနှစ်မတိုင်မှီက အခြေအနေပုံစံမျိုး ပြန်ရောက်သွားနိူင်တယ်”
“ဒါကြောင့် ကျ်နော် တို့ ပြန်ပြီးတင်ပြတာက ၁၉၉၄ မှာ ငြိမ်းချမ်းရေးယူစဉ်က အပြန်အလှန်နားလည်မှု စာချုပ်ရှိတယ် သဘောတူညီချက်စာချုပ်ထဲမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဆိုတာကို မပါဘူး ဒါကြောင့်မို့ ဒီ နယ်ခြားစောင့်ကိုလက်မခံ တာကြောင့် ငြိမ်းချမ်းရေးပျက်ပြားရတယ်လို့ မမှတ်ယူနိူင်ဘူး ဆိုတဲ့စာကို တင်တယ်ဒီလိုပြောတဲ့အပေါ်မှာ ပြန်ပြီး စဉ်းစားပေးပါ ဆိုတာကို တင်ပါတယ် ” ဟု သူက ပြောသည်။
ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်၏ အဆိုပါ ပြောကြားချက်သည် နအဖနှင့်ကေအိုင်အိုတို့ ၁၉၉၄ ခုနှစ်ငြိမ်းချမ်းရေးယူစဉ်ကနှစ်ဘက် သဘောတူညီချက်များနှင့်ကွဲလွဲနေေကြာင်း သူက ထောက်ပြသည်။
“၁၉၉၄ ခုနှစ် သဘောတူချက်ထဲမှာ ကေအိုင်အိုနဲ့ပတ်သက်တဲ့ အရေးကိစ္စများနဲ့ တပ်များနေရာချထားရေး အတွက် လိုအပ်လာရင် နှစ်ဦးနှစ်ဘက် ပူးပေါင်းပြီး ဆောင်ရွက် သွားမယ် ဆိုတဲ့အချက်ပါတယ် အသွင်ကူးပြောင်း ရေးမှာကေအိုင်အို က ဘယ်လိုလုပ်ချင်သလဲဆိုတဲ့ မေးခွန်းအရင်မမေးပဲ နယ်ခြားစောင့် တပ်ဖွဲ့ရေး လက်ခံပါ ဆိုတာကို အရင်လာတယ် အဲတော့ ၉၄ မှာပါတဲ့ အပြန်အလှန်ပူးတွဲဖြေရှင်းရေးဆိုတဲ့ အချက်နဲ့ကွဲလွဲ နေတယ် ” ဟု သူက ဆိုသည်။
နယ်ခြားစောင့်ကိစ္စအပေါ် ကေအိုင်အိုအနေဖြင့် စစ်ရေးနည်းဖြင့် မဖြေရှင်းပဲ နယ်ခြားစောင့်တပ် လက်ခံရေး မခံရေး ဆိုသည့် ဘောင်အပြင်ဘက်မှ ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ဆိုသည်။
ဧပြီ ၄ ရက်နေ့က မြစ်ကြီးနားမြို့တွင် နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးစဉ် ကေအိုင်အို ဥက္ကဋ္ဌ ဦးဇောင်းခရား က နယ်ခြားစောင့်ကိစ္စသည် ပြဿနာ၏ အရင်းအမြှစ်ကို ဖြေရှင်းခြင်းမဟုတ်ပဲ အပေါ်ယံကိုသာ ဖြေရှင်းခြင်းနှင့်အလား တူသည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ ပြောကြားခဲ့ကြောင်း သိရသည်။