မြို ခေါ် ခမီ ပါတီမှတ်ပုံတင်

မြို ခေါ် ခမီ ပါတီမှတ်ပုံတင်
by -
ခိုင်စု
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီတခုဖြစ်သော မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေးပါတီသည်  နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပါတီအဖြစ် မှတ်ပုံတင်ပြီးကြောင်း ဥက္ကဋ္ဌ ဦးစံသာအောင်က....

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီတခုဖြစ်သော မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေးပါတီသည်  နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပါတီအဖြစ် မှတ်ပုံတင်ပြီးကြောင်း ဥက္ကဋ္ဌ ဦးစံသာအောင်က ပြောသည်။

“ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေလို့ ကျနော်တို့ လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ရေးပါတီ သို့မဟုတ် အဖွဲ့တခုအနေဖြင့် တခုခု လုပ်ပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်ဖြစ်တာပါ” ဟု  ဦးစံသာအောင်က ပြောသည်။

မြိုခေါ် ခမီ အမျိုးသား ညီညွတ်ရေးပါတီအနေဖြင့် ၎င်းတို့လူမျိုးများ အများဆုံးရှိရာ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်များတွင် ဝင်ရောက် အရွေးခံသွားမည်ဟု သိရသည်။

လာမည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန်  ပါတီဝင်အင်အား ဦးရေ ၂ဝ ကျော် စုစည်းပြီးဖြစ်ရာ  ၉ဝ ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သူများမှာ ရဝ ရာခိုင်နှုန်း ပါဝင်ကြောင်း နှင့် ရခိုင်ပြည်နယ်တွင် မြို ခေါ် ခမီ လူမျိုးမှာ လူဦးရေအားဖြင့် တသိန်း နှစ်သောင်းခန့် ရှိကြောင်း ဦးစံသာအောင်က ပြောသည်။

ပါတီဒုဥက္ကဋ္ဌများအဖြစ် ဦးကျော်ထွန်းခိုင်၊ ဦးအေးဟောင်နှင့် အတွင်းရေးမှူးအဖြစ် ဦးလာဘွေတို့က တာဝန်ယူထားသည်။

မြိုခေါ် ခမီ အမျိုးသားညီညွတ်ရေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ရေဘုံဘိုင်တံဆိပ် အမှတ်အသားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုလ ၉ ရက်နေ့တွင် ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။  ၁၉၉ဝ ခုနှစ်တွင် ကိုယ်စားလှယ်လောင်း ၄ ဦး ဝင်ရောက်အရွေးခံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးစံသာအောင် တဦးတည်းသာ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသည်။

ဦးစံသာအောင်သည် ပါတီဖွဲ့စည်းခြင်း မတိုင်ခင်က ကျောက်တော်မြို့တွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ရင်း မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်  ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့အပြင်  ၂ဝဝ၅ ခုနှစ်တွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင်အရပ်၌ ကျင်းပသော စစ်အစိုးရ၏ အမျိုးသားညီလာခံသို့  ၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခဲ့ ထားရသော ကိုယ်စားလှယ်များ အစုအဖွဲ့မှ ပါဝင်တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်မှ ဝင်ရောက်အရွေးခံမည်ဟုဆိုသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) သည်လည်း ယခုလ ၉ ရက်နေ့ကပင် ပါတီသစ်အဖြစ် သွားရောက်မှတ်ပုံတင်ခဲ့သော်လည်း စာရွက်စာတမ်း မပြည့်စုံသဖြင့် သင်္ကြန်ရုံးပိတ်ရက် အကုန်တွင် ပြန်လည်လျှောက်ထားမည်ဟု ဥက္ကဋ္ဌဖြစ်သူ ဦးအေးကြိုင်က မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ ကျင်းပပေးမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ယခုလ ၉ ရက်နေ့အထိ မှတ်ပုံတင်သော ပါတီသစ် ၁၆ ပါတီ ရှိပြီး၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၃ ဖွဲ့ ရှိသွားပြီဖြစ်သည်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်မှတ်ပုံတင်သည့် ပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မြိုခေါ်ခမီ အမျိုးသားညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်တို့ ဖြစ်သည်။

ပါတီသစ်များမှာ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသားနိုင်ငံရေ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ် ပါတီမြန်မာပြည်၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ပအိုဝ့် အမျိုးသား အဖွဲ့ချုပ်၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ မြန်မာလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေတစ်ပါတီ၊ တအောင်း (ပလောင်အမျိုးသားပါတီ)၊ ဝံသာနု NLD ပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ဝ' ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြသည်။

Most read this week