ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ ယခုလ ၁၇ ရက်နေ့ ဗုံးဆက်တိုက် ကွဲမှုများတွင် လူအသေအပျောက် မရှိကြောင်း ဒေသခံများနှင့် KIO အဖွဲ့မှ သိရသည်။
ယင်းနေ့ နံနက် ၂ နာရီကျော်တွင် စီမံကိန်း၏ တောင်ဘက် ၆ မိုင်အကွာရှိ လုံဂါဇွပ်ကျေးရွာ အခြေစိုက် အေးရှဝေါကုမ္ပဏီ Asia World ရုံးအတွင်း ဗုံး ၄ လုံး ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသားတဦးသာ ဒဏ်ရာ အနည်းငယ်ရခဲ့သည်။
“လူမသေပါဘူး။ တရုတ်အလုပ်သမားတဦး ခြေထောက်မှာ နည်းနည်းထိသွားတာပဲ။ ” ဟု မေခ-မလိခမြစ်ဆုံရှိ တန်ဖရဲရွာခံတဦးက မဇ္စျိမကို ပြောသည်။
အေရှားဝေါ်ကုမ္ပဏီ၏ စီမံကိန်းတွင် အသုံးပြုသည့် ကျောက်သည်ကား ၅ စီးနှင့် မြေတူးကား ၂ စီးသာ ပျက်စီးခဲ့ကြောင်း ပြောသည်။
သို့သော် ထိုတနေ့တည်းတွင် အနည်းဆုံး ဗုံး ၁၄ လုံးတပြိုင်တည်းလိုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တန်ဖရဲရွာတွင် ၈ လုံး၊ ကျိန်ခရန်ရွာတွင် ၂ လုံး၊ လုံဂါဇွပ်ရွာတွင် ၄ လုံး ဖြစ်ကြောင်း KIO အရာရှိတဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုသည် KIO နှင့် ပတ်သက်မှု ရှိမရှိကို မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက မေးမြန်းခဲ့ သေးကြောင်း၊ သို့သော် KIO အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း ကချင်အရာရှိကပြောသည်။
ယင်းပေါက်ကွဲမှုသည် ရန်ကုန်မြို့ အိတ်တူးအို-X2O သင်္ကြန်မဏ္ဍပ်တွင် ဗုံးများကွဲပြီးနောက် နှစ်ရက် အကြာတွင် ဖြစ်ပွားခြင်းဖြစ်သည်။
ပေါက်ကွဲမှုသည် မည်သူ့လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေးနှင့်ပတ်သက်၍ ဆက်ဆံရေးမပြေမလည်ဖြစ်နေသည့် KIO ကချင်အဖွဲ့အား တရုတ်အစိုးရက ဖိအားပေးလာစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
KIO အရာရှိကမူ ၎င်းတို့နှင့် မပတ်သက်သဖြင့် တရုတ်နှင့် ဆက်ဆံရေး မထိခိုက်နိုင်ဟု ဆိုသည်။
ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် မြစ်ကြီးနားမြို့တွင် ရပ်ကွက်ဥက္ကဌများ အမိန့်အရဟုဆိုကာ ယမန်နေ့မှစ၍ ဧည့်စာရင်းစစ်ခြင်း၊ ကားအရေအတွက်နှင့် ကားနံပတ်များ ကောက်ယူခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကိုယ်တိုင် ပေါက်ကွဲသည့် ကျေးရွာများသို့ ယမန်နေ့က လာရောက် စစ်ဆေးသွားကြောင်း သိရသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား စစ်အစိုးရ အမှတ်-၁ လျှပ်စစ်ဝန်ကြီးဌာန၊ Asia World ကုမ္ပဏီနှင့် တရုတ်နိုင်ငံ China Power Investment Corporation (CPI) တို့က ပူးတွဲတည်ဆောက်နေပြီး ရရှိ လာမည့် လျှှပ်စစ်ဓါတ်အားကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှာဖြစ်သည်။
မြစ်ဆုံရေကာတာတည်ဆောက်ရေးကြောင့် မြစ်ဆုံအထက်ပိုင်းမှ ကျေးရွာ ၆ဝ ကျော် ပြောင်းရွှေ့ရ မည်ဖြစ်ပြီး ရေကာတာပြိုပါက မြစ်ကြီးနားမြို့ပင် ရေလွှမ်းနိုင်သည်ဟုဆို၍ ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင်သမားများက ကန့်ကွက်နေကြသည်။