ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စ လူထုရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဋ္ဌာနချုပ် လိုင်ဇာမြို့ မနောကွင်း၌ ပြုလုပ်ခဲ့ရာ ပရိသတ် ၂၀၀၀ ကျော်ခန့် တက်ရောက် ခဲ့သည်။
နအဖနှင့် ကေအိုင်အိုတို့ နှစ်ဘက် အပစ်ရပ် ၁၆ နှစ်တာ ကာလအတွင်း နိုင်ငံရေးဖြစ်စဉ်များနှင့် ယခုနောက်ဆုံးနယ်ခြား စောင့်ကိစ္စဆွေးနွေးပွဲ အခြေအနေကို အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က အသေးစိတ် ရှင်းလင်းခဲ့သည်။
၁၉၉၄ခုနှစ် နအဖနှင့်အပစ်ရပ်ဆဲရေး ဆွေးနွေးချက်များ၊ အမျိုးသားညီလာခံတွင် တင်ပြချက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ ရေး အဆိုအပေါ် တင်ပြဆွေးနွေးချက်များကို ကေအိုင်အို ဗဟိုကော်မတီဝင်များ တပ်ဖွဲ့ဝင်များနှင့် ကချင်လူထုကိုယ်စား လှယ်များကို ချပြရှင်းလင်းခြင်း ဖြစ်သည်။
နအဖက ကေအိုင်အိုကို နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေး နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ရက်ပိုင်းအ လိုတွင် ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲတွင် ပင်လုံ စာချုပ်ကို အခြေခံ၍ အသွင်ကူးပြောင်းရေးလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောကြားသည်။
“ရပိုင်ခွင့်တွေကို တစ်ပြေးညီရမယ်ဆိုမှ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ် ဒါကြောင့် ပင်လုံမှာပေးခဲ့တဲ့ ကတိများ ကို အခြေခံပြီးတော့ အသွင်ကူးပြောင်းရေးကို လုပ်ကိုင်ဆောင်ရွက်သွားမယ် ဒီအခွင့်အရေးတွေကို ရမယ်ဆိုရင် ကေအိုင်အိုဟာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်မယ်ဆိုတာ တင်ပြထားပြီးဖြစ်တယ် ” ဟု သူက ပြောသည်။
သို့သော် နအဖ အဆို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ကေအိုင်အိုက လက်ခံမည်မဟုတ်ပဲ ကေအိုင်အိုကို ပြည်ထောင်စု တပ်မတော် အတွင်း ကြီးလေးသည့် တာဝန်များ ထမ်းဆောင်ရန် လိုလားကြောင်း သိရသည်။
“အသွင်ကူးပြောင်းရေးဆိုတဲ့နေရာမှာ ကေအိုင်အိုရော ပြည်သူလူထုကရော ကျန်တဲ့အဖွဲ့အစည်းတွေရော အား လုံး ကျော်ဖြတ်ရမယ် နိုင်ငံတော်နဲ့အခုတပ်မတော် အစိုးရ ကလည်း ကျော်ဖြတ်ရမယ် တစ်ဘက်က ကျော်ဖြတ်ပြီးတခြား တစ်ဘက်က ရှေ့မှာစောင့်နေမယ် ဆိုတဲ့ပုံစံမျိုးက မသင့်လျှော်ပါဘူး ဒီလိုပဲမြင်ပါတယ် ” ဟု သူက ဆက် ပြောသည်။
ဧပြီလဆန်းပို်င်းက မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုကိုယ်စားလှယ်များနှင့် နအဖ စစ်ဘက် ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် တို့တွေ့ဆုံခဲ့ရာတွင် ယခုလ ၂၂ ရက်နေ့ အကြောင်းပြန်ရန် ရာဇသံပေး ထားသော်လည်း ကေအိုင်အို အနေဖြင့် နိူင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။