မြန်မာနိုင်ငံတွင် အပူချိန် မြင့်တက်လာမှုကြောင့် “မိုးကြိုးမုန်တိုင်း” ဝင်ရောက်မှု ၂ လအတွင်း ဖြစ်နိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောသည်။
“မိုးကြိုးမုန်တိုင်းလို့ ခေါ်ပါတယ်။ ကျနော်တို့ရဲ့ လေ့လာမှုအရ ဧပြီလမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင် ၄၂ ရာနှုန်းက မြန်မာပြည် ဝင်လေ့ရှိတယ်။ ၂ လုံးဖြစ်ရင် တလုံးလောက် ဖြစ်နေတယ်။ ဒါကြောင့် သတိထားရမယ်” ဟု ဦးထွန်းလွင်က မဇ္စျိမကို ပြောသည်။
ဧပြီလနှင့် မေလအတွင်း အပူချိန်မြင့်တက်မှုကြောင့် မိုးတိမ်တောင်ဖြစ်ပေါ်ကာ ထိုမှတဆင့် မိုးကြိုးပစ်ခြင်း၊ ကုန်းမြင့်တောင်တန်းများပေါ်တွင် မိုးရွာပြီး လျပ်တပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်နိုင်လေ့ရှိသည်ဟု ဆိုသည်။
“မိုးကြိုးမုန်တိုင်းဆိုတာ ... အကျယ်က ၁ဝ မိုင်လောက် ရှိတယ်။ သူ့ရဲ့ သက်တမ်းက ၄-၅ နာရီလောက်ပဲ ကြာပါတယ်။ တနေရာမှာဖြစ်လို့ ၁ဝ မိုင်ကျော်ကျော်ဝေးတဲ့ နေရာတွေကဆိုရင် သိတောင် မသိလိုက်ဘူး။ ဒါကြောင့် အသိပေးခြင်း ဖြစ်ပါတယ်” ဟု ဦးထွန်းလွင်က ပြောသည်။
ထို့အပြင် ၁ နာရီလျှင် မိုင် ၄ဝ အထိရှိသော လေပြင်းများ တိုက်ခတ်နိုင်ပြီး အင်အားပိုကြီးသော လေဆင်နှာမောင်းနှင့် ဆိုက်ဆင်းလေပြင်းများဆိုပါက ရေယာဉ်များ အတွက် အန္တရာယ် ရှိနေပြန်သည််။
မြန်မာနိုင်ငံအနှံ့တွင် ဧပြီလ ပျမ်းမျှအပူချိန်အထက် (၃-၈ ဒီဂရီစင်တီဂရိတ်) အထိ ပိုလာနေရာ နေပူရှိန်မှ ကာကွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
ယမန်နေ့က မကွေးတိုင်း မင်းဘူးမြို့တွင် ၄၅.၆ ဒီဂရီစင်တီဂရိတ် (၁၁၄.၁ ဒီဂရီ ဖာရင်ဟိုက်) ဖြင့် ၄၆ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ထို့အပြင် ချောက်၊ မင်းဘူး၊ မကွေးမြို့တို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်ကျော် အထိပူခဲ့သည်။
၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ဦးရေမှာ တနှစ်လျှင် ၁ဝဝ ဦး ကျော်ရှိကြောင်း မဇ္စျိမက စုံစမ်းသိရှိရသည်။
ပြည်သူလူထု အထိတ်တလန့်ဖြစ်မည်ကို စိုးရွံ့သည်ဆိုကာ မိုးလေဝသတင်းများကို စစ်အစိုးရက လျော့ပေါ့ထုတ်ပြန်လေ့ရှိရာ မုန်တိုင်းသတိပေးချက် ခေါင်းစဉ်များတွင် “အထူးသတိပေးချက်” ဟု ဖော်ပြလျှင် သတိထားသင့်ကြောင်း မိုးဇလအရာရှိတဦးက ပြောသည်။
လူ ၁ သိန်း ၄ သောင်းခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သော ၂ဝဝ၈ ခုနှစ် မေလက ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း မတိုင်မီ ကြိုတင်သတိပေးမှု မရှိခဲ့၍ စစ်အစိုးရကို အပြစ်တင်ခဲ့ကြသည်။
သစ်တောများအား အလွန်အကျွံ ခုတ်ထွင်ရောင်းချနေသဖြင့် သစ်တောများ ပြုန်းတီးလာမှုသည်လည်း အပူရှိန် မြင့်တက်လာရခြင်း၏ အကြောင်းရင်းတခုဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူများက ဆိုသည်။