တရက် အတွင်း မီးသုံးကြိမ်လောင်

တရက် အတွင်း မီးသုံးကြိမ်လောင်
by -
မျိုးသိဏ်း
ရန်ကုန်မြို့အတွင်း ယခုလ ၆ ရက်နေ့က ရ၈ နှစ်အရွယ် အဘိုးအိုတဦး သေဆုံးမှုဖြစ်စဉ် အပါအဝင် တရက်အတွင်း မီးလောင်ကျွမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက...

ရန်ကုန်မြို့အတွင်း ယခုလ ၆ ရက်နေ့က ရ၈ နှစ်အရွယ် အဘိုးအိုတဦး သေဆုံးမှုဖြစ်စဉ် အပါအဝင် တရက်အတွင်း မီးလောင်ကျွမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။

အင်္ဂါနေ့နံနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညပိုင်းတို့တွင် ကမာရွတ်၊ ရွှေပြည်သာနှင့် အင်းစိန် စသည့် မြို့နယ် ၃ ခုတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမီးလောင်မှု ဖြစ်စဉ်တွင် လူသေဆုံးခဲ့ခြင်း ဖြစ်သည်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်ရှိ အထက ၅ အထက်တန်းကျောင်းရှေ့ရှိ ရှစ်ထပ်တိုက် အဆောက်အဦတွင် ဖြစ်ပြီး၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးဖိုချောင်သုံး ဂတ်စ်အိုးပေါက်ကွဲမှုမှ စတင်မီးလောင်ကျွမ်းခဲ့သော မီးကြောင့် တိုက်ခန်းပျက်စီးခဲ့သည်။ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရပြီး ပေါက်ကွဲမှု အရှိန်ကြောင့် တိုက်ခန်းရှေ့ဘက်မှ ပြတင်းပေါက်မှန်များ အက်ကွဲကာ လမ်းမပေါ်သို့ ကျရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ရွှေပြည်သာမြို့နယ် အမှတ် ၉ ရပ်ကွက် ခတ္တာလမ်း၊ အိမ်အမှတ် ၆၉ တွင် ဆေးလိပ်တိုမှ အစပြုသော မီးကြောင့် အသက် ရ၉ နှစ်အရွယ် အဘိုးအို သေဆုံးခဲ့သည်။ မီးလောင်မှုနှင့် လူသေဆုံးမှုအတွက် ပုဒ်မ ၂၉၈/၂၁ဝ နှင့် ပုဒ်မ ၂၈၅ (၃ဝ၄) တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

ည ၈ နာရီအချိန်တွင် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးအအေးခန်း စက်ရုံတရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် တိုင်းဗဟိုမီးသတ် အပါအဝင် မြို့နယ်အများအပြားမှ စုစုပေါင်း ရေသယ်ယာဉ် ၄ စီး၊ မီးသတ်ယာဉ် ၁၁ စီး သွားရောက်ငြိှမ်းသတ်ခဲ့ရသည်။

ငါးလုပ်ငန်းဦးစီးဌာနပိုင် ဝင်းအတွင်းရှိ တီဇက် ငါးအအေးခန်းစက်ရုံတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တနာရီကျော် ကြာမြင့်ခဲ့သည်။ အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာ ရသော်လည်း သေဆုံးသူမရှိကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ဆိုသည်။

Most read this week