တိုင်းရင်းသား ၃ ဖွဲ့ ပါတီမှတ်ပုံတင်

တိုင်းရင်းသား ၃ ဖွဲ့ ပါတီမှတ်ပုံတင်
by -
ဖနိဒါ
ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့ကအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့....

ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့ကအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ဒေါက်တာစိုင်မွန်သာ ဦးစီးသော ကရင်ပြည်သူ့ပါတီ၊ ဒေါက်တာတူးဂျာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ဦးအောင်ခမ်းထီ ခေါင်းဆောင် သော အပစ်ခတ်ရပ်အဖွဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်တို့ ဖြစ်သည်။

ဦးနှောက်နှင့် အာရုံကြောအထူးကု ဒေါက်တာစိုင်မွန်သာ ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်အစိုးရအကြား မအောင်မြင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြားဝင် စေ့စပ်ပေးခဲ့သူဖြစ်ပြီး၊ ဒေါက်တာတူးဂျာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သော ပအိုဝ့်ဖြူဟုလည်း လူသိများသော ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်သည် စစ်အစိုးရထံမှ ကျောက်မျက်ရတနာ တူးဖော်ရေးနှင့် ရောင်းဝယ်ရေး ရရှိထားသော အဖွဲ့ တခုဖြစ်သည်။

ကရင်ပြည်သူ့ပါတီက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နေရာအချို့တို့တွင် ဝင်ပြိုင်ရန် စီစဉ်ထားပြီး ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က တောင်ကြီး၊ လွယ်လင်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သက်ဆိုင်ရာ အဖွဲ့များ၏ သတင်းရပ်ကွက်များက ပြောကြပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီကတော့ ကချင်ပြည်နယ် တခုထဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယမန်နေ့အထိ ကော်မရှင်က မှတ်ပုံတင်ခွင့် လျှောက်လွှာလက်ခံပြီးသော အဖွဲ့ ၁၁ ဖွဲ့အနက် ကျန်သော အဖွဲ့များမှာ (၁) ခေတ်သစ်ပြည်သူ့ပါတီ၊ (၂) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ (၃) ၈၈ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်၊ (၄) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ (၅) အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ (၆) ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)၊ (၇) ပြည်ထောင်စု အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့နှင့် (၈) တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီတို့ ဖြစ်သည်။

ခေတ်သစ်ပြည်သူ့ပါတီမှာ အလံနီကွန်မြူနစ်ဟောင်းများ ဖြစ်ကြသော်လည်း အရင်းရှင်စီးပွားရေးစနစ်ကို ထူထောင်မည်ဟု ကြွေးကြော်နေကြသည်။

“မူဝါဒလမ်းစဉ်က စက်မှုအရင်းရှင်စနစ်ကို အစွမ်းကုန်ဖွံ့ဖြိုးအောင် ထူထောင်မယ်။ စက်မှုအရင်းရှင် အောက်မှာသာ ဆင်းရဲသား၊ အလုပ်သမား၊ တောင်သူလယ်သမား လူတန်းစားတွေဟာ ဖွံ့ဖြိုးနိုင်တယ်လို့ ယုံကြည်တယ်” ဟု ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က မဇ္စျိမကို ပြောသည်။

“၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်ခြေကပဲ စရမယ်။ အမေရိကန် ဖွဲ့စည်းပုံကိုလည်း နှစ်ပေါင်း ၁၉၅ နှစ်မှာ ၂၆ ခါ ပြင်ခဲ့ရတယ်။ ဖွဲ့စည်းပုံ ပြင်စရာရှိတာကို လွှတ်တော်တွေမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြင်ပါ့မယ်” ဟု သူက ပြောသည်။

Most read this week