လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများလုပ်ရန် တောင်းဆိုမှုကို လျစ်လျူရှုလိုက်သဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ရန်နှင့် အဖွဲ့မှထုတ်ပစ်ရန် ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံ လွှတ်တော်အမတ် ၁၀၀ ကျော်က တောင််းဆိုလိုက်သည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ပြုလုပ်မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ နှစ်ပတ်လည် ထိပ်သီး အစည်း အဝေး သို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ”ထိရောက် သော လုပ်ဆောင်မှုကို အရေးပေါ်လုပ်ဆောင်သင့်သည်” ဟု လွှတ်တော်အမတ်များက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် စည်းရုံးလှုံ့ဆော်မှုပြုနေသော အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) မှတဆင့် ပေးပို့သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် စင်္ကာပူတို့မှ လွှတ်တော်အမတ် ၁ဝ၅ ဦး၏ မေတ္တာရပ်ခံချက်တွင် မြန်မာစစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများသည် ပါဝင်သင့်သူများ မပါနိုင်ဘဲ ဖြစ်နေသည်ဟု ပြစ်တင်ထားသည်။
မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအား မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ထားသည်။ အကယ်၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသော ပါတီဝင်များကို ထုတ်ပယ်ရမည်ဖြစ်သည်။
”ဒီလိုဘက်လိုက်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားတာရဲ့ ရည်ရွယ်ချက်ကတော့ အတိုက်အခံပါတီတွေနဲ့ ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ မပါလာနိုင်အောင် တားလိုက်တာပဲ ဖြစ်တယ်။ စစ်အုပ်စုအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်သူတွေ ပါဝင်နိုင်အောင် စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ပါတယ်ဆိုတာကို ပြသဖို့ အခွင့်အလမ်းကို လက်လွတ်သွားတာပဲ ဖြစ်တယ်” ဟု မေတ္တာရပ်ခံချက်တွင် ပါရှိသည်။
”အာဆီယံက တိုက်တွန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုကို မြန်မာက လျစ်လျူရှုခဲ့တာ ကြာပြီဖြစ်လို့ ပိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုအသစ် လုပ်သင့်တယ်” ဟု အမတ်များက ပြောကြားလိုက်သည်။
”မြန်မာစစ်အစိုးရအပေါ် တင်းကျပ်ပြီး အသေအချာ ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုတွေ အာဆီယံက လုပ်သင့်တယ်” ဟု ၎င်းတို့က ဆိုကြသည်။
အာဆီယံ ပဋိဉာဉ်သစ်က ချမှတ်ထားသော မူဝါဒများကို လိုက်နာရန် ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံကို အဖွဲ့တွင်းမှ ထုတ်ပယ်ပစ်ရန်လည်း လေးနက်စွာ စဉ်းစားသင့်သည်ဟုလည်း ပါရှိသည်။
အာဆီယံ၏ အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ဝင်မစွက်ရေး မူဝါဒကြောင့် မြန်မာအပေါ် အဖွဲ့တခုလုံးက အရေးယူမှု မပြုလုပ်နိင်ခဲ့ဘဲ ဖြစ်ခဲ့ရသည်။
ရွေးကောက်ပွဲ ဥပဒေများက ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် တားမြစ်ခဲ့သည့်အပေါ် အဖွဲ့ဝင်နိုင်ငံအချို့က လူသိရှင်ကြား ပြစ်တင်ပြောဆိုခဲ့ပြိီး သူမကို လွှတ်ပေးရန် တောင်းဆိုထားသည်။