အကြမ်းမဖက် လမ်းစဉ်ကို NLD ဆက်လက် ကိုင်စွဲမည်

အကြမ်းမဖက် လမ်းစဉ်ကို NLD ဆက်လက် ကိုင်စွဲမည်
by -
ဖနိဒါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီဖျက်သိမ်းခံရပါက ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် နည်းလမ်းကိုသာ ဆက်လက်ကိုင်စွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်က....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီဖျက်သိမ်းခံရပါက ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် နည်းလမ်းကိုသာ ဆက်လက်ကိုင်စွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်က ယနေ့ ပြောကြားလိုက်သည်။

“မှတ်ပုံမတင်ရင် NLD က ယူဂျီ-UG (မြေအောက်အဖွဲ့) ပုံစံလုပ်လာမယ်။ အဲဒီလိုဆိုရင် အကြမ်းဖက်လာမယ် ဆိုပြီးတော့ အစိုးရဘက်ကနေ ဝါဒါဖြန့်တာတွေ သွေးထိုးတာတွေ၊ တီးတိုးစကား ပြောတာတို့ ဖြစ်လာတယ်။ ကျနော်တို့က ငြိမ်းချမ်းသောနည်း၊ အကြမ်းမဖက်သောနည်းနဲ့ ဆက်လုပ်သွားမယ်” ဟု  ဦးဝင်းတင်က ပြောသည်။

NLD က ယနေ့ထုတ်ပြန်သည့် ပြည်သူလူထုသို့ ပန်ကြားသည့် ကြေညာချက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရည်မှန်းချက်များ အောင်မြင်သည်အထိ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စနစ်တကျ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည်။

စစ်အစိုးရ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေများအရ ဥပဒေထုတ်သည့်နေ့မှစ၍ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံမတင်ပါက NLD သည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ပြီး လာမည့် မေလ ၆ ရက်နေ့သည် နောက်ဆုံးရက် ဖြစ်သည်။

သို့သော် ပါတီဖျက်သိမ်းခံရပါက ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို ကျောခိုင်းသွားမည် မဟုတ်ကြောင်းနှင့် ပြည်သူလူထုနှင့် တသားတည်း ရှိနေမည် ဖြစ်ကြောင်း NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“NLD က မှတ်ပုံမတင်ရင်လည်း နိုင်ငံရေးအရ ပြည်သူနဲ့ စွန့်ခွာမသွားဘူး။ ဒီမိုကရေစီအရေးအတွက် ရတဲ့နည်းလမ်းနဲ့ ဥပေဒေဘောင်အတွင်းကနေ လုပ်မယ်ဆိုတာပဲ။ ငြိမ်းချမ်းစွာ အနစ်နာခံ နိုင်ငံရေးသမားတွေ စုဝေးတဲ့နေရာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်ကမူ အဖွဲ့ချုပ်နှင့် ဆက်စပ်နေသည့် လူမှုအထောက်အကူပြုလုပ်ငန်း၊ HIV တိုက်ဖျက်ရေးလုပ်ငန်း၊ နာဂစ်အကူညီပေးရေး စသည့် လူမှုရေးလုပ်ငန်းများကို အောက်ခြေ ရပ်ကျေးအထိ ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

NLD ပါတီနှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သော ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အပါအဝင် အခြားတိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း ဆက်လက်၍ လက်တွဲသွားမည်ဖြစ်ပြီး သတင်းဌာနများ၊ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးဖြေကြားမှုများ ပုံမှန်ဆက်လုပ် သွားမည်ဟု သိရသည်။

NLD သည် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင် အဆောက်အအုံ၊ ငွေကြေး၊ စာရွက်စာတမ်းများကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ရန်အတွက် “စီမံခန့်ခွဲရေးကော်မတီ” ကို ယမန်နေ့က ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးက တာဝန်ယူပြီး အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ပြီးနောက် တိုင်းနှင့် ပြည်နယ်များရှိ NLD ရုံးပေါင်း ၃ဝဝ ခန့်မှ ထက်ဝက်ခန့်ကိုသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သော်လည်း မန္တလေးတိုင်းရုံးကိုမူ အာဏာပိုင်များက ရုံးခန်းငှားထားသည့် အိမ်ရှင်အား ဖိအားပေး၍ ဆိုင်းဘုတ်ဖြုတ်ပြီး ပြန်ပိတ်ခိုင်းလိုက်ပြီဖြစ်သည်။

၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီးနောက် NLD ရုံးများ အပိတ်ခံခဲ့ရသော်လည်း ပါတီအဖွဲ့ဝင်များမှာမူ အလှူပွဲများ၊ ဘုန်းကြီးကျောင်းများ၊ လက်ဖက်ရည်ဆိုင်များ စသည့် နေရာများ၌ လူစုဝေးကာ ပါတီ၏ လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

NLD ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ယနေ့တိုင် အာဏာလွှဲမပေးဘဲ ထားသည်။

Most read this week