အဝေးပြေး ခရီးသည်ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံလျှင် ပြစ်ဒဏ်ပေးသောအားဖြင့် ဂိတ်ပိတ်သိမ်းမည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်မှု လုံခြံုချောမွေ့စေရေး ကော်မတီက သတိပေးလိုက်သည်။
သင်္ကြန်ရက်များ နီးကပ်လာချိန်တွင် ပုဂ္ဂလိကပို့ဆောင်ရေး ယာဉ်လိုင်းများက သတ်မှတ်ခထက် ပိုယူမှု ဖြစ်လာနေချိန်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပြစ်မှုအလိုက် ဂိတ်ပိတ်သည့်အချိန်ကို သတ်မှတ်သွားမည်ဟု ဆိုသည်။
ရန်ကုန်မှ တောင်ကြီးသို့ ပုံမှန်ကားခမှာ လူတဦးလျှင် ၁၁ဝဝဝ ကျပ် ဖြစ်သော်လည်း ၁၅ဝဝဝ ကျပ် ပေးဝယ်ရကြောင်း မကြာသေးခင်က စီးနင်းခဲ့သူတဦးက ပြောသည်။
အောင်မင်္ဂလာအဝေးပြေးမှ အုပ်ချုပ်ရေးဝန်ထမ်းတဦးက မတ်လနှောင်းပိုင်းက ကားဂိတ်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် ခရီးသည်များ အနေဖြင့် ကားခပိုတောင်းလျှင် တာဝန်ခံရုံးတွင် တိုင်ကြားရန် ပြောဆိုလိုက်သည်။
သို့သော် ပုံသေယာဉ်စီးခနှုန်းထားနှင့် ပတ်သက်၍ ခရီးသည်များ အလွယ်တကူ သိရှိနိုင်အောင် စီမံထားခြင်း မရှိပါ။ အချို့သော ပုံမှန်နှုန်းထားမှာ ရန်ကုန်မှ မန္တလေးကို ၁၁ဝဝဝ ကျပ်၊ လားရှိုးကို ၁၅ဝဝဝ ကျပ်၊ ရခိုင်ပြည်နယ်တွင်းသို့သွားသော ကားခများမှာ ရဝဝဝ ကျပ်မှ ၁၅ဝဝဝ ကျော်အထိဖြစ်သည်။
အာဏာပိုင်များက စျေးနှုန်းထိန်းချုပ်ခြင်း မပြုလုပ်သင့်ကြောင်း ကားလိုင်းများက ယူဆသည်။
”ပြောရရင်တော့ ကားခ သတ်မှတ်တာကိုက မကိုင်သင့်ဘူး။ အခုလို စျေးတွေ ပိုမတောင်းရဘူးလည်း ပြောရော ကျနော်တို့ ကားတွေကို အခေါက်ရေ လျှော့လိုုက်ရတယ်။ လျှော့လိုက်ရတော့ ခရီးသည်တွေက သွားလာဖို့ ကားတွေ အခက်အခဲ ရှိတာပေါ့” ဟု ကားဂိတ်တခုမှ တာဝန်ခံက ပြောသည်။
ထို့အပြင် ကားဂိတ်များက ပိုတောင်းခြင်း မဟုတ်ဘဲ ရွှေကြိုပွဲစားကို ပေးရခြင်းနှင့် လက်မှတ်ရောင်း စာရေးအချို့ မသမာမှု ပြုလုပ်ခြင်းသာဖြစ်ကြောင်း ကားဂိတ်အချို့က ပြောသည်။
ရခိုင်ပြည်နယ်တွင်း ကားလမ်းများ မကောင်းသဖြင့် သတ်မှတ်စျေးနှုန်းက တွက်ခြေမကိုက်လှဟု ရခိုင်ကားဂိတ်များက ပြောသည်။
မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ကားဂိတ်ပေါင်း ၁၅ဝ ကျော် ရှိကာ၊ တနေ့လျှင် ခရီးသည် ၅ဝဝဝ ကျော်မှ ရဝဝဝ ခန့်ထိ ဝန်ဆောင်မှု ပေးနေသည်။