အပစ်ရပ် အဖွဲ့များကို ရာဇသံပေး

အပစ်ရပ် အဖွဲ့များကို ရာဇသံပေး
by -
ဖနိဒါ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ယခုလအတွင်း နောက်ဆုံးထား ဆုံးဖြတ်ရန် တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်း ၃ ဖွဲ့ကို စစ်အစိုးရက....

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ယခုလအတွင်း နောက်ဆုံးထား ဆုံးဖြတ်ရန် တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်း ၃ ဖွဲ့ကို စစ်အစိုးရက ညွှန်ကြားလိုက်သည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ဝ' ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၊ ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့တို့ကို ယခုလ ၂၂ ရက်နှင့် ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် နေပြည်တော်၏ ကိုယ်စားလှယ်ဖြစ်သော စစ်ဘက်ရေးရာလုံခြံုရေးမှ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က အသိပေးသွားသည်။

အင်အား ၅ဝဝဝ ခန့်ရှိ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) မှ ဥက္ကဋ္ဌ လွယ်မောဝ်နှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ လားရှိုးမြို့၌ ယခုလ ၂ ရက်နေ့တွင် တွေဆုံအပြီး၊ ၂၂ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အကြောင်းပြန်ရန်နှင့် ပျက်ကွက်ပါက မတရားအသင်းအဖြစ် ကြေညာမည်ဟု ပြောသည်။

အလားတူပင် အင်အား ၃ဝဝဝဝ ခန့်ရှိ UWSA နှင့် အင်အား ၂ဝဝဝ ကျော်ရှိ မိုင်းလားအဖွဲ့များကိုလည်း ယခုလ ၁ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တွင် တွေ့ဆုံပြီး လာမည့် ယခုလ ၂၂ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသီးသီး နောက်ဆုံးထားကာ  အဖွဲ့ဝင်အရေအတွက်နှင့် လက်နက်စာရင်းပေးအပ်ရန်နှင့် မလိုက်နာပါက မတရားအသင်း ကြေညာမည်ဟု ရာဇသံပေးလိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဥိီးဝင်းမင်းက နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်ဖွယ်ရှိနေသည်ဟု သုံးသပ်ထားသည်။

ထိုအတောအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုဥက္ကဋ္ဌ ဂေါင်ရီဇော်ဆိုင်းနှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ယမန်နေ့က ထပ်မံတွေ့ဆုံကာ ဆွေးနွေးခဲ့သော်လည်း အဖြေ မထွက်ဘဲ ဖြစ်ခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့မတိုင်မီ နှစ်ဖက် ပြန်လည်တွေ့ဆုံပြီး အသွင်ကူးပြောင်းရေးအတွက် ဆွေးနွေးရန် စစ်အစိုးရဘက်က လိုလားသည်။