စစ်တွေတွင် ရေရှားပါး၍ မြို့နေ လူထုအခက်ကြံု

စစ်တွေတွင် ရေရှားပါး၍ မြို့နေ လူထုအခက်ကြံု
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သောက်သုံးရေ ရှားပါးမှုကြောင့် မြို့လူထုအနေဖြင့် အခက်အခဲ ကြံုတွေ့နေရ ကြောင်း....

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သောက်သုံးရေ ရှားပါးမှုကြောင့် မြို့လူထုအနေဖြင့် အခက်အခဲ ကြံုတွေ့နေရ ကြောင်း သတင်း ရရှိသည်။

ဘောက်သီးစုရပ်ကွက်မှ အိမ်ရှင်မှတဦးက စစ်တွေတွင် ရေရှားပါးနေကြောင်းကို ယခုကဲ့သို့ ပြောသည်။

“စစ်တွေမှာ အခု တအား ပူတယ်။ ရေကလည်း မလာဘူး။ အခု ကန်တော်ကြီးက ပေးတဲ့ရေက လည်း လုံးဝ မလာ သလောက်ပါပဲ။ ၃ ရက်မှ တခါ လာတယ်။ ဒါပေမယ့် နည်းနည်းဘဲ လာတယ်။ ရေကတော်တော့ကို အခက်ရှိပါတယ်။ အခု အပြင်က ဝယ်သုံးနေရတော့ ပိုက်ဆံ အကုန်အကျလည်း များနေရပါတယ်။”

စစ်တွေမြို့တွင် အာဏာပိုင်များမှ ရေပေးဝေမှုကို ပိုက်လိုင်းစနစ်ဖြင့် စစ်တွေ ကန်တော်ကြီးမှတဆင့် ပေးဝေခြင်း ဖြစ်သော်လည်း နှစ်ရက် တကြိမ် သုံးရက် တကြိမ်သာ ပေးဝေ နေသဖြင့် ယခုကဲ့သို့ စစ်တွေ လူထု အခက်ကြံုနေရခြင်း ဖြစ်သည်။

“ရေပေးတာက ရက်သတ်မှတ်ထားတာလည်း မရှိဘူး။ လာချင်တဲ့ အချိန်လာတယ်။ မလာချင်ရင် မလာဘူး။ ဒါပေမယ့် ရေခ လစဉ် ကြေးကိုတော့ ပုံမှန် သူတို့ လာကောက်ပါတယ်။ ရေတင်စက် တတ်ထားတဲ့ အိမ်ကဆိုရင် တလမှာ ၂၀၀၀ ကျပ်ပေး ရပြီးတော့ ရိုးရိုးအိမ်တွေဆိုရင် တလကို ၁၀၀၀ ပေးရပါတယ်။” ဟု သူမက ဆက်ပြောသည်။

Carying-water

ယခုကဲ့သို့ ရေရှားပါးမှုကြောင့် အပြင်မှ ရေဝယ်ယူသုံးစွဲနေရသဖြင့် တနေ့လျှင် ရေဖိုး အနည်းဆုံး ကျပ်ငွေ ၆၀၀ အထိ ကုန်ကျကြောင်း ရူပမြောက်ရပ်ကွက်မှ လူကြီးတဦးကပြောသည်။

“ရေရှားတာက စစ်တွေ တမြို့လုံး နီးပါး ပါပဲ။ ရေတွင်းတို့၊ အဝီစိတွင်း ရေစက်တို့ ရှိတဲ့ နေရာတွေမှာက နည်းနည်း သက်သာတယ်။ ရေမလာတော့ အပြင်က ရေဝယ်ယူ သုံးရတာက ငွေအကုန်ကျ များနေတယ်။ တနေ့ကို အနည်း ၆၀၀ နဲ့ ရ၀၀ ကျပ်ခန့် ကုန်တယ်။”

ရခိုင်ပြည်နယ်မှာ မိုးရာသီတွင် တနေ့ မိုးရေချိန်လက်မ ၁၂၀ ကျော်ထိ ရွာသွန်းသော်လည်း နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် သောက်သုံးရေ ရရှိမူကို စနစ်တကျ စီစဉ်မူ မရှိသဖြင့် နှစ်စဉ် နွေရာသီ ရောက်တိုင်း စစ်တွေမြို့တွင် သာမက နယ်မြို့များနှင့် ကျေးလက်တောရွာများတွင် ရေရှားပါးသည်ဟု သိရသည်။

နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်လူထု အဓိက အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ရေနှင့့် လျှပ်စစ်မီး ရရှိအောင် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် နအဖ စစ်အစိုးရမှ သူ့အစိုးရ လက်ထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ဟု ပြောဆိုနေမူ အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်နေကြသည်ဟု သိရသည်။

ရေရှားပါးနေသော အဓိက ရပ်ကွက်များမှာ ရွှေပြား၊ ဘောက်သီးစု၊ ဆင်ကူးလမ်း၊ အုန်းတပင်၊ ပါဒလိပ်ချိတ်၊ ကျောင်းတက်လမ်းနှင့် လမ်းမတော် စသည့် ရပ်ကွက်များ ဖြစ်ပြီး အသစ် တည်ဆောက်ထားသော ဆင်ခြေဖုံး ရပ်ကွက်များတွင် အခြေအနေမှာ ပိုမို ဆိုးရွားနေသည်ဟု သိရသည်။

Most read this week