မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။
“နိုင်ငံတကာ ဆက်ဆံရေးလည်း ဆက်လုပ်သွားမယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတဲ့ ဟာမျိုးပေါ့။ လူထုရဲ့ အကျိုးစီးပွားကိုလုပ်တဲ့ ဟာမျိုးတွေ၊ ဆောင်ရွက်တဲ့ ဟာမျိုးတွေကို ဆက်လုပ်သွားမယ်။ ပြည်သူလူထု အကျိုးစီးပွားတွေ၊ လူထုသက်သာချောင်ချိရေးတွေပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
HIV/AIDS စွဲကပ်နေသူများအား ကူညီစောင့်ရှောက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီပံ့ပိုးသည့် လုပ်ငန်းများကို နမူနာပြ၍ သူက ပြောဆိုသွားသည်။
ရန်ကုန်မြို့ ရွှေဂုံတို်င်ရှိ NLD ရုံးချုပ်တွင် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးက အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီများ၊ မဟာမိတ်အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်းကာ လူထုကိုတိုက်ရိုက်ထိတွေ့သည့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အဓိက အတိုက်အခံပါတီကြီးဖြစ်သော NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်သောအားဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး နောက် ရှေ့လုပ်ငန်းစဉ်က အရေးပါလာခဲ့သည်။ နောက်ဆုံးသတ်မှတ်ထားတွင် မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းခံရမှာ ဖြစ်သည့်အတွက် တရားဝင်ပါတီ မဟုတ်တော့ သည့် အခါ မြန်မာ့နိုင်ငံရေးမှ ပျောက်ကွယ်သွားလိမ့်မည်ဟု စိုးရိမ်မှုများ ရှိလာသည်။
“အဓိက လတ်တလော NLD ရဲ့ ရပ်တည်ချက်ပေါ့။ နောက်တခါ ရှေ့ဆက်ပြီးတော့ ဘယ်လို တိုင်းရင်းသား ပါတီများနဲ့ လက်တွဲဆောင်ရွက်သွားမလဲဆိုတာကို အဓိက ထားပြီး ဆွေးနွေးကြပါတယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္စျိမကို ပြောသည်။
CRPP အစည်းအဝေးပွဲကို NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဦးအေးသာ အောင်၊ ပူးကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်းတို့ အပါအဝင် CRPP အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်။
“NLD က မိမိရဲ့ မူဝါဒအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့အတွက်ကြောင့် ဒီရပ်တည်ချက်ကို အားလုံးက အလေးထားတယ်။ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း၊ ဆက်လက်ပြီး CRPP မှာ NLD နဲ့ အတူ လက်တွဲဆောင်ရွက်သွားဖို့ သဘောထားတွေကို ဆွေးနွေးကြတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
စစ်အစိုးရအနေဖြင့် NLD အား အတင်းအကျပ် ဖျက်သိမ်းခိုင်းခဲ့လျှင်လည်း ပျက်ပြယ်သွားသည်ဟု မယူဆဘဲ၊ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားသွားမည်ဆိုသည့် အချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။