DKBA ခေါင်းဆောင် ခမ်းနားသော အိမ်သစ် တက်ပွဲကျင်းပ

DKBA ခေါင်းဆောင် ခမ်းနားသော အိမ်သစ် တက်ပွဲကျင်းပ
by -
ကျော်ခ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တပ်မဟာ ၉၉၉ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ နေအိမ်သစ်တက်ပွဲကို ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း....

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တပ်မဟာ ၉၉၉ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ နေအိမ်သစ်တက်ပွဲကို ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ရွှေကုက္ကိုမြိုင်ရွာကြီးရှိ ”ချစ်သူမြိုင်စံအိမ်” အိမ်သစ်တက်ပွဲကို ထိုင်းကချေသည်များ အပါအဝင် စတိတ်ရှိုးများ၊ အငြိမ့်သဘင်၊ ဘောလုံးပြိုင်ပွဲ များနှင့် ဧည့်ခံခဲ့သည်။

“၂၄ ရက်နေ့ မနက် ၄ နာရီက ဘုန်းကြီးတွေပင့်ပြီး အိမ်တက်တရားနာတယ်။ ညပိုင်းကတော့ ၃ ရက်လုံး အဆိုတော်တွေ အလှည့်ကြဆိုကြတယ်။ အငြိမ့်လည်း ပါတယ်။ ကရင်အဆိုတော် ၂ ယောက်ဆိုပြီးရင် မြန်မာအဆိုတော် ၂ ယောက်၊ အဲသလိုဆိုတယ်” ဟု အမည်မဖော်လိုသော ၉၉၉  မှ အရာရှိတဦးက မဇ္စျိမကို ပြောသည်။ ကျပ်သိန်း ၁ဝဝဝ နီးပါးအထိပင် ကုန်ကျနိုင်သည်ဟု သူက ခန့်မှန်းထားသည်။

အခန်း ၁ဝ ခန်း ခန့်ရှိ အိမ်သစ်အပေါ်ထပ်တွင် သံဃာတော် သီးသန့်ခန်းရှိကာ ရေကူးကန်နှင့် ဧည့်ဆောင် ဘန်ဂလိုများလည်း ပါဝင်သည်။

အိမ်သစ်တက်ပွဲသို့ မြဝတီမြို့တို့မှ ဒေသခံများအပြင် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံသားများလည်း သွားရောက်ကြည့်ရှု့ကြသည်။

DKBA တွင် တပ်မဟာ ၃၃၃၊ ၅၅၅၊ ၆၆၆၊ ရ၇၇ နှင့် ၉၉၉ ဟူ၍ ဖွဲ့စည်းထားပြီး စစ်သည်အင်အား အနည်းဆုံး တသောင်းခန့် ရှိမည်ဟု အကဲခတ်များက ခန့်မှန်း ထားကြသည်။

မြဝတီမြို့နယ် ရွှေကုက္ကိုကျေးရွာအခြေစိုက် တပ်မဟာ၉၉၉ ၏ ဗျူဟာမှူးဗိုလ်မှူးကြီး စောချစ်သူမှာ DKBA ခေါင်းဆောင်များအကြား ချမ်းသာကြွယ်ဝသူတဦးအဖြစ် ကျော်ကြားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ ၁၉၉၄ နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ရယူသွားသော DKBA မှာ နယ်မြေထိန်းချုပ်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊ အခွန်အကောက်ကောက်ပိုင်ခွင့်တို့ ရရှိခဲ့သည်။

အကဲခတ်များက မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် တရားမဝင်ပစ္စည်းများ တင်သွင်းမှုတို့ကြောင့် DKBA သည် အကျိုးမြတ်များစွာ ဖြစ်ထွန်းနေကာ အင်အားကြီးထွား လာခြင်းဖြစ်သည်ဟု ဆိုသည်။

နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့်နှစ် မေလက လက်ခံထားပြီးဖြစ်သည်။