"ဝ" နှင့် ဆွေးနွေးပြန်

"ဝ" နှင့် ဆွေးနွေးပြန်
by -
ဖနိဒါ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီ UWSP နှင့် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ယနေ့ တွေ့ဆုံကြောင်း....

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီ UWSP နှင့် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ယနေ့ တွေ့ဆုံကြောင်း သိရသည်။

ဝ’ ဘက်မှ ဒုဥက္ကဋ္ဌ ပေါက်ယုယိ ဦးဆောင်သည့် အဖွဲ့နှင့် နေပြည်တော်၏ ညှိနှိုင်းရေးကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့၌ ထပ်မံတွေ့ဆုံကြခြင်း ဖြစ်သည်။

“ဒီမနက် သွားလိုက်ပြီ။ မနက် ၅ နာရီကျော် ၆ နာရီလောက်မှာ (ဝ' ဘက်မှ ကိုယ်စားလှယ်များ) ထွက်သွားတယ်လို့ ပြောတယ်” ဟု ဝ’ အရာရှိများနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။

တပ်သားအင်အား ၃ သောင်းခန့်ရှိ ဝ' ပါတီ၏ စစ်တပ်ဖြစ်သော ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကို မြန်မာ့တပ်မတော်အောက် သွတ်သွင်းကာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး စစ်အစိုးရ ကြိုးစားနေမှုက တနှစ်ပြည့်ခါနီးသော်လည်း အဖြေမထွက်ဘဲ ရှိနေသည်။

“ဝ  အနေနဲ့ သူတို့မူအရ တင်ပြတာ အစိုးရဘက်က လုံးဝ အပြောင်းအလဲ မရှိတော့ အခြေအနေက သိပ်မလွယ်ဘူး ဖြစ်နေတယ်။ တဘက်ဘက်က အလျှော့ပေးရမယ့် အခြေအနေ ရောက်နေတယ်” ဟု  တရုတ်နယ်စပ် အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။

ဝ' အဖွဲ့က နယ်ခြားစောင့်တပ်ပြောင်းရေးကို လက်မခံဘဲ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် အပါအဝင် ယခင်က တင်ပြခဲ့သော ၉ ချက်ကိုသာ ဆက်လက်ကိုင်ဆွဲမည်ဟု သူက ပြောသည်။

နေပြည်တော်၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေကို ၃၂၆ ဦးသာ ထားရှိစေလိုပြီး ထိုအထဲတွင် တပ်မတော်မှ အရာရှိ ၃ဝ ကို ထည့်သွင်းမည်ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းတို့ ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တန်ယန်းမြို့၌ နောက်ဆုံးဆွေးနွေးခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုလားသော အပစ်ရပ်တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရန် ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ စစ်အစိုးရက ကြိုးစားနေသော်လည်း ဝ' အဖွဲ့နည်းတူ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့တို့ကလည်း ငြင်းဆန်နေဆဲဖြစ်သည်။

တနှစ်အတွင်း စစ်အစိုးရသည် ဝ' နှင့် အနည်းဆုံး ၁ဝ ကြိမ် ဆွေးနွေးခဲ့ပြီး KIO နှင့် ၁၂ ကြိမ် ဆွေးနွေးပြီးဖြစ်သည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က အင်အား ၃ဝဝဝ ခန့်ရှိ မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံလူနှင့်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံ ခဲ့ပြီး ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထား ဆုံးဖြတ်ရန်နှင့် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာမည်ဟုလည်း ပြောဆိုခဲ့သည်။

Most read this week