လားဟူပြည်သူ့စစ်ကို နယ်ခြားစောင့် တပ်ရင်းအဖြစ် တိုးမြှင့်သည့် အခမ်းအနား ဗိုလ်ရဲမြင့်တက်ရောက်

လားဟူပြည်သူ့စစ်ကို နယ်ခြားစောင့် တပ်ရင်းအဖြစ် တိုးမြှင့်သည့် အခမ်းအနား ဗိုလ်ရဲမြင့်တက်ရောက်
ထိုင်း - သျှမ်းနယ်ခြားအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ယမန်နေ့နယ်ခြားစောင့်တပ်ရင်းအဖြစ် အသွင်ပြောင်း အခမ်းအနားသို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် သျှမ်းပြည်တိုင်းချုပ်တို့....

ထိုင်း - သျှမ်းနယ်ခြားအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ယမန်နေ့နယ်ခြားစောင့်တပ်ရင်းအဖြစ် အသွင်ပြောင်း အခမ်းအနားသို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် သျှမ်းပြည်တိုင်းချုပ်တို့တက်ရောက်ဖွင့်လှစ် တာဝန်အပ်နှင်း ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“အခမ်းအနားတက်ဖို့ လူ ၂၀၀၀ ကျော်လောက်ဆင့်ခေါ်ခံရတယ်၊ မိုင်းတုံမြို့နယ်က တိုက်နယ်၊ ကျေးရွာ အနှံ့ဘဲ၊ ဘာမှမကျွေးဘူး၊ ငွေးကြေးမတတ်နိုင်တဲ့သူ၊ ထမင်းထုပ်မရခဲ့သူတွေကတော့ငတ်ပေါ့၊ အာရုံတက်ချိန် ကတည်းက ဆင့်ခေါ်ထားတာ၊ ဗိုလ်ရဲမြင့်နဲ့ မင်းအောင်လှိုင်တို့က မွန်းလွဲပိုင်းမှရောက်တော့ အဲချိန်မှ အခမ်းအနားကစတာ” - ဟု တနေကုန်ထိုင်စောင့်ရသည့် ပြည်သူတဦးက ပြောပါသည်။

မတ်ချ် ၃၀ ရက်နေ့ ဂျပီးကွယ်ဦးဆောင်သည့် မိုင်းတုံမြို့နယ် နားကောင်းမူး လားဟူပြည်သူ့စစ်တပ်ဖွဲ့အားနယ်ခြား စောင့်တပ်ရင်းအမှတ် ၁၀၀၇ အဖြစ်တိုးမြင့် အပ်နှင်းခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် အစရဖ အရာ ရှိချုပ်နယ်ခြား စောင့်တပ်အသွင်ကူးပြောင်းရေးဖေါ်ဆောင်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် သျှမ်းပြည် နှင့်ကရင်နီပြည် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကိုယ်တိုင် တက်ရောက်မိန့်မှာခဲ့သည်ဟုဆိုသည်။

မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ တောင်ဘက် (မိုင်းတုံ - ပုံပါကျင်- BP.1  လမ်းမ နှင့် တမိုင်ခန့်အကွာ) တွင် ကျင်းပသည့် လားဟူပြည်သူ့ စစ်တပ်ဖွဲ့ အသွင် ပြောင်းပွဲသို့တက်ရောက်ရန် မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ လူထု ၂၀၀၀  ကျော်ကို အဓမ္မဆင့်ခေါ်ခဲ့သော်လည်း တစုံတရာဧည့်ခံကျွေးမွေးခြင်း မရှိဟုပြောပါ သည်။ ဂျပီးကွယ်ဦးဆောင်သည့် လားဟူပြည်သူ့စစ်တပ်ဖွဲ့က တပ်ခွဲ ၃ ခွဲက အင်အား ၁၅၀ ခန့် စစ်ဝတ်စုံ/ လက်နက်အပြည့်အစုံ စစ်ရေးပြခဲ့သည်ဟု လည်း ဆိုပါသည်။

ပုံပါကျင်အခြေစိုက် နအဖ စစ်ဗျူဟာမှူး၏ ကြိုတင်ညွှန်ကြား ဆင့်ခေါ်ချက်အရ ကျေးလက်ဒေသခံတို့က နေရာ အသီးသီးမှ မော်တော်ကား အစီး ၄၀ ကျော််၊ မော်တော်ဆိုင်ကယ် အစီး ၂၀၀ ခန့် မနက်အစောပိုင်း ကတည်း က စောင့်ဆိုင်းခဲ့သော် လည်း အဆိုပါဗိုလ်ချုပ်နှစ်ဦးက မွန်လွဲပိုင်း ၂း၃၀ နာရီ မှ ရဟတ်ယာဉ်ဖြင့် ရောက်ကြ သည်ဟု ဆို၏။

“သူတို့ရဲ့ တပ်စခန်းက ပုံပါကျင်က စိုင်းအွတ်ဆိုသူရဲ့ ရာဘာခြံကိုသိမ်းယူထားတာ၊ တခြားတနေရာနဲ့ ပြန်ဆပ် မယ်တော့ ပြောတယ်၊ ဘယ်နားကမြေလွတ်မြေရိုင်းနေရာတွေ သတ်မှတ်ပြီးပေးမှာလဲတော့မသိဘူး၊ အခုထိတော့ မရသေးဘူး”- ဟု ပုံပါကျင် ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။

လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၇ အဖြစ် တိုးမြင့်သတ်မှတ်ရာတွင် ခေါင်း ဆောင်ဖြစ်သူ ဂျပီးကွယ်အား တပ်ရင်းမှူးနေရာနှင့် ဗိုလ်မှူးရာထူး၊ ဒုတပ်ရင်းမှူးအား ဗိုလ်မှူးမောင်လှ၊ တပ်ခွဲ (၁) မှူး ဗိုလ်ကြီးထွန်းကျော်
(၃၀ နှစ်)၊ တပ်ခွဲ ၂ မှူး ဗိုလ်ကြီးချစ်မောင် (၄၅ နှစ်)၊ တပ်ခွဲ ၃ အား ဗိုလ်ကြီးဂျကော် (၃၆ နှစ်) တို့အားအသီးသီးခန့်အပ် ခဲ့သည်ဟု ဆက်ပြောပြပါသည်။

“လားဟူပြည်သူ့စစ်ရာထူးအပ်နှင်းပွဲရဲ့ထူးခြားချက်က - ပထမ တောင်ပိုင်း ၀ တပ်ဖွဲ့ကို မဖိတ်ဘူး၊ နောက်တခု က ရဲမြင့် ကိုယ်တိုင်လာတယ်ဆိုတော့ တောင်ပိုင်း ၀ တပ်ဖွဲ့ နဲ့ ထိပ်တိုက်ဖြစ်ဖို့ လားဟူကိုမုချ အသုံးချမှာဘဲ”- ဟု ထိုင်းနယ် စပ်နေ နိုင်ငံရေးအကဲခတ်တဦးက သုံးသပ်ပါသည်။

လက်ရှိ ဂျပီးကွယ်ဦးဆောင်သည့် လားဟူ နယ်ခြားစောင့်တပ်ရင်း (အမှတ် ၁၀၀၇ ) သည် အင်အား ၂၉၆ နှင့် နအဖ အရာရှိ ၃၀ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း လက်နက်အလက်တစ်ရာခန့်သာရှိသေးသဖြင့် နအဖ မှ ဆက်လက်ထောက်ပံ့သွား မည်ဟု ဆိုသည်။

မတ်ချ် ၂၉-၃၀ ရက်နေ့များ၌ ထိုင်း - မြန်မာ နယ်စပ်တလျှောက်ရှိ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့ ရ ဖွဲ့ (နယ် ခြားစောင့် တပ်ရင်း ၁၀၀၁ မှ ၁၀၀၇ အထိ) နယ်ခြားစောင့် တပ်ရင်း အသီးသီး တိုးမြင့်သတ်မှတ်လိုက်သည်ဟု သီးခြား အတည်မပြု နိုင်သည့် သတင်းရပ်ကွက်ကပြောပါသည်။

၂၀၀၉ နှစ်နှောင်းတွင် ကချင် NDA – K  အပစ်ရပ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၃၊ ၁၀၀၄ အဖြစ်လည်း ကောင်း၊ ပိုင်ဆုံချိန်ဦးဆောင်သည့် လက်ကျန်ကိုးကန့်တပ်ဖွဲ့အား တပ်ရင်း ၁၀၀၆ အဖြစ် လည်းကောင်း အသီးသီး တိုးမြင့်အပ်နှင်းခဲ့ပြီးဖြစ်၏။

ပုံပါကျင်အခြေစိုက် လားဟူပြည်သူ့စစ်အား နယ်ခြားစောင့်တပ်ရင်းအဖြစ် အသွင်မပြောင်းမီ (ပြီးခဲ့သည့်အပတ်) နအဖ စစ်ဗျူဟာမှူးက - ဒေသတွင်းသတင်းများ မကြာခဏထွက်ပေါ်သည့်အတွက် ဘယ်သူတဦးတယောက်မှ ပြည်ပအခြေစိုက် သတင်းဌာနများသို့ ဆက်သွယ်သတင်းပေးခြင်းမပြုရ၊ ဆက်သွယ်ကြောင်းသိရှိပါက ထောင်ဒဏ် ၁၅ နှစ် အထိပြစ်ဒဏ် ထိမည်ဟု လွန်ခဲ့သည့်လ ကတည်းက ဗျူဟာမှူးကိုယ်တိုင်အစည်းအဝေးဆင့်ခေါ် ရာဇသံ သတိပေးထားခဲ့သည်။

Most read this week