သင်္ကြန် ရေကစားသူများအတွက် စစ်အစိုးရ စည်းကမ်းထုတ်

သင်္ကြန် ရေကစားသူများအတွက် စစ်အစိုးရ စည်းကမ်းထုတ်
by -
စိုင်းဇွမ်ဆိုင်း
သင်္ကြန်မဏ္ဍပ်ကြီးများတွင် ရေပက်ကစားသူများသည် မလုံ့တလုံဝတ်စားဆင်ယင်မှု မပြုလုပ်ရန်နှင့် မဏ္ဍပ်အမည်များကို မြန်မာလိုပေးရန် စစ်အစိုးရက စည်းကမ်း....

သင်္ကြန်မဏ္ဍပ်ကြီးများတွင် ရေပက်ကစားသူများသည် မလုံ့တလုံဝတ်စားဆင်ယင်မှု မပြုလုပ်ရန်နှင့် မဏ္ဍပ်အမည်များကို မြန်မာလိုပေးရန် စစ်အစိုးရက စည်းကမ်း ထုတ်ပြန်လိုက်သည်။

ပေ ၅ဝ အထက်မဏ္ဍပ်များသည် ”မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်  မအပ်စပ်သော ဝတ်စားဆင်ယင်ပြုမှု ကခုန်မှုများ” ၊ မဏ္ဍပ်နာမည်ပေးရာတွင်လည်း မြန်မာအမည်သာ ပေးရန် အပါအဝင် ”မြန်မာ့ရိုးရာ” ဟူသော စကားလုံများများပါဝင်သည့် အချက်ပေါင်း ၃၉ ချက်ရှိ စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အရာရှိတဦးက ပြောသည်။

မလုံ့တလုံဝတ်ဆင်မှုကို မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော ဝတ်ဆင်မှုဟု သူက ရည်ညွှန်းပြီး မဏ္ဍပ်နာမည်များကို ”ဥပမာ ရွှေပိတောက်၊ ပိတောက်ရိပ် စသဖြင့်” ဟုဆိုကာ မြန်မာနာမည်သာ ပေးရမှာဖြစ်သည်ဟု ဆိုသည်။

မဏ္ဍပ်၏ နောက်ခံကားချပ်အပြင်အဆင်တွင် ရိုးရာအတာသင်္ကြန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများသာ ရေးဆွဲရမှာဖြစ်ပြီး  ဖွင့်ပွဲနေ့တွင် ငွေဖလားတွင် အမွှေးနံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်း ဆောင်ရွက်သွားရန်တို့လည်း စည်းကမ်းချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ဧပြီ ၁၄ ရက်နေ့သည် သင်္ကြန်အကျနေ့ဖြစ်ပြီး ဧပြီ ၁၆ ရက်နေ့သည် သင်္ကြန်အတက်နေ့ဖြစ်ကာ မဏ္ဍပ်ကြီးများပါမစ်လျှောက်ထားသူသည် ကျပ်ငွေ သိန်း ၃ဝ ပါ စပေါ်တင်ရသည်။ ပေ ၂၅ ပေအောက် မဏ္ဍပ်ငယ်များကိုလည်း စိစစ်ပြီးမှ ခွင့်ပြုသွားမှာဖြစ်သည်။

“ထမီကြီးဝတ်ပြီး သင်္ကြန်လည်ရမယ်ဆိုတာလည်း မဟုတ်သေးပါဘူး။ ဖော်ဝတ်ပြီးမှ သင်္ကြန်ကို ကဲရတယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ လုံလုံခြံုခြံုလေးနဲ့ ဘောင်းဘီ ရှည်၊ အကျီလက်ရှည်ဖြစ်စေ ဝတ်ပြီး တော့ ဆင်နွှဲမယ်ဆိုရင်လည်း အားလုံး အဆင်ပြေမှာပါ” ဟု ရန်ကုန်မြို့နေ အမည်မဖော်လိုသူ အမျိုးသမီး မော်ဒယ်တဦးက ပြောသည်။

ယခုနှစ် သင်္ကြန်ရေကစားမဏ္ဍပ်များကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် ဆရာစံလမ်း၊ ရန်ကုန်မြို့လည်နေရာများတွင် စိစစ်ပြီး တည်ဆောက်ခွင့် ပေးမည် ဖြစ်သော်လည်း  အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အချို့နေရာများတွင်မူ ခွင့်မပြုကြောင်း သိရှိရသည်။

မဏ္ဍပ််အရွယ်အစားအလိုက် မြေအသုံး ပြုခ လမ်းတံတားကြေးံ၊ ရေဆက်သွယ်သုံးစွဲခနှင့် သန့်ရှင်းရေး ဝန်ဆောင်ခနှုန်းထားများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်ပေးသွင်းရသည်။

ပေ ၁ဝဝ ရှိသော မဏ္ဍပ်များအတွက် လမ်းတံတားကြေးနှင့် သန့်ရှင်းရေးခ ကျပ် ၁၂ဝဝဝဝ ပေးဆောင်ရပြီး ပေ ၅ဝ ရှိသောမဏ္ဍပ်များမှာ လမ်းကြေးနှင့် သန့်ရှင်းရေးခ ၈ဝဝဝဝ ပေးရသည်။ ၂၅ ပေအောက် မဏ္ဍပ်များအတွက် ကျပ် ၄ သောင်းဖြစ်သည်။ ၂ လက်မ ပိုက်ဖြင့် ရေသွယ်လိုလျှင် ကျပ် ၁ဝဝဝဝဝ ပေးရပြီး ၁ လက်မခွဲအထိ ကျပ် ၆ဝဝဝဝ ဖြစ်သည်။