နိုင်ငံရေးပါတီ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်မည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း (၁၅) ဦးကော်မတီမှ နိုင်ငံရေးပါတီ ဖွဲ့စည်းမည် မဟုတ်ကြောင်း ယမန်နေ့က နာယက (၅) ဦး အပါအဝင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် ချခဲ့သည်။
“ကျနော်တို့ကော်မတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံခဲ့ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကိုဆီကို ဆက်သွားဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်တော့ဘူး၊ မနေ့က အစည်းအဝေးမှာတော့ နိုင်ငံရေးပါတီ ဖွဲ့စည်းမှာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်ခဲ့တယ်” ဟု ၁၅ ဦးကော်မတီမှ ကော်မတီဝင်တစ်ဦးက ပြောသည်။
လက်ရှိ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး၊ ၁၅ ဦးကော်မတီအနေနှင့် အခြားတိုင်းရင်းသားပါတီကဲ့သို့ နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ၁၅ ဦးကော်မတီဝင်အချို့က မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီတခု ရှိသင့်ကြောင်းနှင့် ရွေးကောက်ပွဲတွင်လည်း ပါဝင်သင့်ကြောင်း အမြင်ကွဲပြားမှုများ ရှိနေသည်ဟု ၄င်းက ဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားများကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီ ရှိသင့် မရှိသင့်နှင့် ပတ်သက်၍ ပြည်တွင်းရှိ မွန်ခေါင်းဆောင်တချို့ ၊ မွန်ပြည်သစ်ပါတီဝင်ဟောင်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်နှင့် အငြိမ်းစားအစိုးရဝန်ထမ်းများ စုပေါင်းကာ ထို ၁၅ ဦးကော်မတီကို လွန်ခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့်နေ့တွင် ဖွဲ့စည်းထားသည်။
မကြာသေးမီက စစ်အစိုးရမှ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအပေါ် (၁၅) ဦးကော်မတီတို့က အပြန်အလှန်ဆွေးနွေးပြီ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကို အဆုံးအဖြတ် ပေးနိုင်ရန်အတွက် ပထမအကြိမ်အစည်းအဝေး ကျင်းပခဲ့သော်လည်း ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်တစုံတရာ မထွက်ခဲ့ပေ။
မွန်နိုုင်ငံရေးပါတီများ ဖြစ်သော မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိလျှင် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာထားခဲ့ပြီး ဖြစ်သည်။