၂ဝ၁ဝ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီအသစ်ကို လာမည့်လတွင် မှတ်ပုံတင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဖြစ်သူ၏ ပြောဆိုချက်အရ သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအင်အားစု (ရခိုင်ပြည်နယ်) ဟု အမည်ပေးထားသည့် ပါတီကို မှတ်ပုံတင်ရန် ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး လာမည့်လအတွင်း မှတ်ပုံတင်သွားမည်ဟု ပြောဆိုခြင်း ဖြစ်သည်။
“သင်္ကြန် မတိုင်ခင် သို့မဟုတ် သင်္ကြန်ပြီးမှ ပါတီမှတ်ပုံတင်ဖို့ စီစဉ်နေပါတယ်။ အခုလောလောဆယ်တော့ ဆွေးနွေးနေကြဆဲပါ” ဟု ဥက္ကဋ္ဌ ဦးအေးကြိုင်က မဇ္စျိမကို ပြောသည်။
ဦးအေးကြိုင်သည် ၁၉၉ဝ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ တစည ၏ မြောက်ဦး မြို့နယ် စည်းရုံးရေး ကော်မတီတွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယခုပါတီအသစ်ကိုမူ ၂ဝဝ၅ ခုနှစ်ထဲတွင် စတင်ဖွဲ့စည်းချိန်မှ စတင်ကာ ရန်ကုန်တွင် နေထိုင်သည့် ၎င်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဒုဥက္ကဋ္ဌမှာ မြောက်ဦးမြို့မှ ဦးစံတင်၊ အတွင်းရေးမှူးမှာ စစ်တွေမြို့မှ ဦးမြင့်ဇော်နှင့် တွဲဖက် အတွင်းရေးမှူးမှာ ကျောက်တော်မြို့မှ ဦးမောင်အုန်းတင်တို့ ဖြစ်သည်။
ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အနက် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့များ အပါအဝင် မြို့နယ် ၁၄ မြို့နယ်တွင် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီး ပါတီဝင်အင်အား ၂ သိန်း ၄ သောင်းကျော်ရှိကြောင်း ဦးအေးကြိုင်က ပြောသည်။
“ရခိုင်ပြည်နယ်မှာ သံတွဲ၊ ဂွ၊ မာန်အောင်ကလွဲရင် ရခိုင်ပြည်နယ်မှာ ကျန်တဲ့ မြို့နယ်တွေမှာ စည်းရုံးပြီးသားပါ။ ရန်ကုန်မှာရှိတဲ့ အဝေးရောက် ရခိုင်တွေကို စည်းရုံးနေတာ ၁၈ဝ လောက် ရှိနေပါပြီ”ဟု သူက ပြောသည်။
ရခိုင်ပါတီအသစ်များ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်မှုများ ရှိနိုင်သော်လည်း ၂ဝဝ၈ အခြေခံဥပဒေသည် တိုင်းရင်းသား အခွင့်အရေးများကို လျစ်လျူရှုထားသဖြင့် ရခိုင်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မည် မထင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
“၂ဝဝ၈ ဖွဲ့စည်းပုံရယ်၊ ဒီရွေးကောက်ပွဲ ဥပဒေအရ ရခိုင်ပြည်နယ်၊ ရခိုင်အမျိုးသားအကျိုးကို ဘာမှလုပ်နိုင်တဲ့ အနေအထား မရှိဘူး” ဟု သူက ပြောဆိုသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲဆန္ဒနယ်ပေါင်း ၂၆ နေရာ ရှိခဲ့ရာ ALD က မဲဆန္ဒနယ် ၁၁ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ကာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉ နေရာတွင် အနိုင်ရရှိကာ ဒုတိယ အများဆုံးဖြစ်သည်။
တစညနှင့် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်များအဖြစ် ယူဆရသည့် စစ်ဗိုလ်တချို့ကလည်း စည်းရုံးရေးများ လုပ်ဆောင်နေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
“သူတို့ တစည တွေ စည်းရုံးရေးဆင်းနေတာ လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းကပါ။ စစ်တွေမြို့ပေါ်မှာတော့ နည်းတယ်။ အဓိကက ရွာတွေကို ဆင်းတာပေါ့။ ဘာကူညီပေးရမလဲဆိုပြီး မေးမြန်းတယ်” ဟု မြို့ခံတဦးက ပြောသည်။
ကုန်စုံဆိုင် ပိုင်ရှင်တဦးကလည်း “ကျနော်တို့ ရပ်ကွက်ကို ပြီးခဲ့တဲ့လတုန်းက စစ်ဗိုလ်တချို့လာပြီးတော့ ဘာလိုလဲ၊ လမ်းပြင်ပေးရမလား၊ ကျောင်းပြင်ပေးရမလား၊ လာမေးတယ်။ အရင်က တခါမှ ဒါမျိုး လာမမေးဘူး။ ဒါပေမဲ့ မေးရုံသာ မေးတာပါ။ ဘာမှ လုပ်ပေးတာတော့ မရှိပါဘူး” ဟု ပြောသည်။
စစ်အစိုးရသည် ယခုလ ၈ ရက်နေ့က ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့အချိန်တွင် ကိုအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ကိုရဲထွန်း ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ အဖွဲ့ (မြန်မာနိုင်ငံ)နှင့် တစည ပါတီ စသည့် ပါတီများ မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည်။