ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်

ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
by -
ဆလိုင်းဟံသာစန်း
အကြိတ်အနယ်ဆွေးနွေးပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မှတ်ပုံမတင်ဟု....

အကြိတ်အနယ်ဆွေးနွေးပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မှတ်ပုံမတင်ဟု ဆုံးဖြတ်လိုက်ကြသည်။

မှတ်ပုံတင်ရေး မတင်ရေးနှင့်ပတ်သက်၍ NLD ရုံးချုပ်၌ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခြင်း ဖြစ်သည်။

“ဒုဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး” ဟု ရုံးချုပ်ရှေ့တွင် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် ယနေ့ ဗဟိုအလုပ်အမှုဆောင် CEC နှင့် ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးသို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက တက်ရောက်လာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ကို လိုက်နာရန် အမှာစကားပါးလိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်ရန် ယခုလ ၂၃ ရက်နေ့တွင် သူမ၏ ရှေ့နေများမှတဆင့် သဘောထားပေးခဲ့ခြင်း ဖြစ်သည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC ၊ CC အဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင် ၅ ဦး စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြသည်ဟု နောက်ဆုံးသိရှိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။

ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ရာ CC က ဆက်လက်တင်ပြမှုများ ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီတွင် အဆိုပါ တင်ပြမှုများ ပြီးဆုံးသည့်အခါ CEC အစည်းအဝေး ဆက်လက်ပြုလုပ်ကာ ညနေ ၅ နာရီခန့်တွင် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမှာဖြစ်သည်။

NLD-Offices

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၂၆ ရက်နေ့တွင် ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆ဝ ဦးခန့် တက်ရောက်သော အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ပါတီဌာနချုပ်တွင် ပါတီ ဆက်လက် ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့ပြီးနောက် လူငယ်များ၏ သဘောထား ထိုသို့ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် CC အဖွဲ့ဝင် ၁ဝ ဦး အပါအဝင် ပါတီဝင် ၄၃ဝ ကျော်မှာ အကျဉ်းကျနေဆဲဖြစ်ပြီး စုစုပေါင်း နိုုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ရှိနေသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် နိုင်ငံတဝှန်းတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ဘဲ နောက်တကြိမ်ရွေးကောက်ပွဲသာ ကျင်းပရန် ပြင်ဆင်နေသည်။