ဘင်္ဂလာဒေချ့် နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ဗုဒ္ဓ ရုပ်ထုတော် တည်ဆောက်ပြီ

ဘင်္ဂလာဒေချ့် နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ဗုဒ္ဓ ရုပ်ထုတော် တည်ဆောက်ပြီ
ဘင်္ဂလာဒေချ့် နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ရုပ်ထုတော် တဆူကို ကော့ဘဇားခရိုင် ပန်းဝါ (ရာမူး) မြို့နယ်ရှိ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာတွင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်း....

ဘင်္ဂလာဒေချ့် နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ရုပ်ထုတော် တဆူကို ကော့ဘဇားခရိုင် ပန်းဝါ (ရာမူး) မြို့နယ်ရှိ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာတွင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ လျောင်းတော်မူ ရုပ်ပွားတော်အား မာရမာကြီး ( ဘင်္ဂလီအခေါ် ဘရဝါ) ဆရာတော်တပါး ဖြစ်သူ အရှင် ဂရုဏာဆရီမှ ဦးဆောင် တည်ဆောက်နေခြင်း ဖြစ်သည်။

ဆရာတော်မှ ရုပ်ပွားတော် တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။

“ဘင်္ဂလာဒေချ့်နိုင်ငံဟာ မူဆလင် နိုင်ငံ တနိုင်ငံ ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း ခုလို ကြီးမားတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဟာ ဘင်္ဂလာဒေချ့်မှာ မရှိတဲ့ အတွက် ဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ဖူးမျှော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ခုလို တည်ဆောက် ရတာ ဖြစ်ပါတယ်။”

လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ပေ ၁၀၀ ရှည်လျားပြီး အမြှင့်ပေ ၃၀ ခန့်ရှိကာ ရုပ်ထုတော်အား ၂၀၀၇ ခုနှစ်မှ စတင် တည်ဆောက်နေခြင်း ဖြစ်သည်။

ယခု ဗုဒ္ဓ လျောင်းတော်မူ ဘုရား တည်ဆောက်နေသော နေရာမှာ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာ သချိုင်းဟောင်း တည်ရှိရာ တောင်ကုန်းပေါ်တွင် ဖြစ်ပြီး အဆိုပါ မြေအား ပြန်လည် ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံကို ဆရာတော် ဂရုဏဆရီမှ ယခုကဲသို့ ပြောသည်။

“ဒီနေရာဟာ ရခိုင်အမျိုးသားတွေ နေထိုင်ခဲ့တဲ့ တောင်ချေရွာ သချိုင်း ဖြစ်ပါတယ်။ ဒီမြေနေရာဟာ ဒေသခံ ဘာသာခြားတွေ လက်ထဲကို ရောက်ရှိ နေတာကတော့ ကြာပါပြီ။ ဒါပေမယ့်လည်း ဆရာတော်က ဒီနေရာဟာ သချိုင်းမြေဖြစ်တဲ့ အတွက် ခင်ဗျားတို့ အတွက် ဘာမှ အကျိုးမရှိတဲ့ မြေဖြစ်တယ်။ လုပ်ကိုင် စားသောက်လို့လည်း မရဘူး။ ဆရာတော်ကို ရောင်းပါဆိုပီး မေတ္တာရပ်ခံတဲ့ အတွက် သူတို့က ဆရာတော်ကို ပြန်ရောင်းချခဲ့ပါတယ်။ ဧရိယာ အကျယ်အဝန်းက ၃ ဧက နီးပါးခန့် ရှိပါတယ်။”

အဆိုပါ မြေနေရာအား တူးဖေါ်စဉ် ရခိုင် ရှေးဟောင်း လူကြီး အရိုးစု ၆၀ ကို တူးဖေါ် ရရှိခဲ့သည်ဟု ဆရာတော်က ပြောသည်။

Largest-Lying-Buddha-Statue2

“ဒီနေရာဟာ ရခိုင် အမျိုးသားတွေ နေထိုင်ခဲ့တဲ့ နေရာ ဒေသ တခု ဖြစ်ပါတယ်။ ရခိုင်ရွာကြီးတွေ အများအပြား တည်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ခုထက်ထိ ရခိုင် လူကြီးတွေရဲ့ အရိုး အုတ်ဂူတွေကို ဘုရားကျောင်းဝင်းအတွင်းမှာ မြင်တွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ရခိုင်တွေ မြန်မာပြည်ကို ထွက်ခွာ သွားကြတဲ့အတွက် ဒီရွာတွေဟာ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ခုတော့ ဆရာတော်တို့ရဲ့ မာရမာကြီး လူမျိုးတွေက အခြေချနေထိုင်နေကြပါတယ်” ဟု ပြောသည်။

ယခင်က တောင်ချေရွာတွင် ရခိုင်အိမ်ခြေပေါင်း ၁၆၀၀ ရှိခဲ့ပြီး ဘင်္ဂလာဒေချ့် လွတ်လပ်ရေး မတိုင်မှီနှင့် တိုင်ပြီးနောက် ရခိုင် လူမျိုးများက “ မြေကိုချစ် တီဖြစ်သည်” ဟု ဆိုကာ ရွာကို စွန့်ခွာပြီး မြန်မာပြည်ဘက်သို့ ပြောင်းရွှေ့ သွားကြ သည်ဟု ဖလောင်းချိတ်မြို့က ဦးလှအောင်စိန်မှ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ သူဌေးမ မညွှန့်စိန်မှာ ယခု ဘုရား တည်ဆောက်နေရာ တောင်ချေ ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်နေသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ နောက် ၂ လနှင့် ၃ လအကြားတွင် ပြီးစီးနိုင်ပြီး အဆိုပါ ရုပ်ပွားတော်ကို ရခိုင်ပြည်နယ်မှ နာမည်ကြီး ပန်းပု ဆရာတဦးက တည်ဆောက် နေခြင်း ဖြစ်သည်။

ရုပ်ပွားတော်ကို ဦးဆောင် တည်ဆောက်နေသူ ဆရာတော် အရှင် ဂရုဏာ ဆရီမှာ သက်တော် ၄၀ ခန့်သာ ရှိသေးပြီး မြန်မာနိုင်ငံ ရန်ကုန် မဟာစည် တရားစခန်းတွင် တနှစ်ခန့် တရားထိုင်ခဲ့ဖူးသည်ဟု သိရသည်။

အဆိုပါ ရုပ်ထုတော်ကို ဗုဒ္ဓဘာသာ နိုင်ငံများက အကူအညီများဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး အခုအချိန်ထိ အကူအညီများ ထည့်ဝင် လှူဒါန်းနေကြကြောင်း ဆရာတော်က မိန့်ကြားသည်။

Most read this week