ပြည်နယ်များတွင် နှစ်စဉ်တစ်ကြိမ်သာ ကျင်းပနေသော ပထမပြန်နှင့် ဓမ္မာစရိယတန်း ပရိယတ္တိစာမေးပွဲကို ယခုနှစ်အတွင်း နှစ်ကြိမ် ခွဲပြီး သီးခြားစီ ကျင်းပမည် ဖြစ်သည်။
ယခင်နှစ်များတွင် ပြည်နယ်များ၌ ပထမပြန်နှင့် ဓမ္မာစရိယတန်းကို တပြိုင်တည်း ကျင်းပလာခဲ့ပြီး၊ တိုင်းများတွင် နှစ်ကြိမ်ခွဲ၍ ဖြေဆိုလာခဲ့သည်။
ပြည်နယ်အဆင့်တွင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ပါဝင်သည့် ပထမပြန်စာမေးပွဲကို သက်ဆိုင်ရာပြည်နယ်များအလိုက် ပထမအသုတ်အဖြစ် ရက်သီးခြားစီ ကျင်းပမည် ဖြစ်ပြီး၊ ဓမ္မာစရိယ (စာချတန်း) ကို လာမည့် ဧပြီလ ၃ ရက်နေ့တွင် တိုင်းနှင့် ပြည်နယ်တပြိုင်နက် ကျင်းပမည် ဖြစ်သည်။
“အခုလို သံဃာတော်စာမေးပွဲကို နှစ်ခါခွဲပြီး လုပ်ရတာဟာ တခါတည်းလုပ်ရင်တော့ သံဃာတော်တွေ များတယ်၊ ထိန်းရတာလည်း မလွယ်ဘူး၊ အဲဒါကြောင့်မို့ ထင်တယ်၊ ပြီးတော့ နေရေး ထိုင်ရေး၊ ဆွမ်းကွမ်းလည်း အခက်အခဲ ဖြစ်တယ်၊ တကယ်လို့ သံဃာတော်တွေ များရင်၊ အခုလို ခွဲလိုက်တာလည်း တမျိုးကောင်းတာပါပဲ” ဟု မွန်ပြည်နယ်၊ ရေးမြို့နယ်မှ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။
ယခုကဲ့သို့ နှစ်ကြိမ်ခွဲပြီး ကျင်းပရခြင်းသည် ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စ ပြေလည်ရန်နှင့် စာသင်သားသံဃာတော်များ၏ တောင်းဆိုချက်များကြောင့်လည်း ဖြစ်သည်ဟု အထက်ပါ သံဃာတော်က မိန့်ကြားသည်။
ပထမပြန်စာမေးပွဲဖြစ်သည့် အငယ်တန်းအတွက် ၅ ရက်၊ အလယ်တန်းအတွက် ၆ ရက်၊ အကြီးတန်းအတွက် ရ ရက် ဖြေဆိုရမည် ဖြစ်ပြီး၊ ဓမ္မာစရိယတန်း (စာချတန်း) အတွက် ရ ရက်ဖြေဆိုရမည် ဖြစ်သည်။
မြန်မာတနိုင်ငံလုံးရှိ ပရိယတ္တိစာသင်တိုက်များ၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်များမှ စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခွင့် ရှိသည်။
စာသင်နှစ်၏ နောက်ဆုံးလ မတ်လနှင့် ဧပြီလတွင် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပပေးသည့် ထိုစာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့သော်လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၇ ခုနှစ်တွင် တစ်နှစ်ရပ်ဆိုင်းခဲ့ရသည်။
ပရိယတ္တိစာမေးပွဲကို မွန် မြန်မာ ပါဠိ သုံးဘာသာတွင် ကြိုက်နှစ်သက်ရာ ဘာသာဖြင့် ဖြေဆိုခွင့် ရှိသည်။