နိုင်ငံတကာ၊ ခရီးသွားဧည့်သည်များနှင့် စည်ကားနေသည့် ထိုင်းနိုင်ငံက၊ ချင်းမိုင်မြို့၏ ညစျေး (Night Bazaar)တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုက နာမည်ကြီး ကုန်အမှတ်တံဆိပ် ပစ္စည်းအတုများကို အန္တာရယ်များကြားမှ စွန့်စားကာ ရောင်းချနေကြသည်။
ရောင်းချနေသည့်ပစ္စည်းတံဆိပ်များက အတု (ကော်ပီ) ဖြစ်သလို၊ စျေးရောင်းနေသူ မြန်မာများက တရားမဝင်ဖြစ်နေသည့်အတွက် ၎င်းတို့က ‘ပစ္စည်းကော်ပီ၊ လူကော်ပီ’ ဟု သူတို့ကိုယ်သူတို့ ဟာသနောကာ ခေါ်ဝေါ် ပြောဆိုလေ့ရှိကြသည်။
လွန်ခဲ့သည့် နှစ်ဆန်းပိုင်းမှစတင်ကာ အဖမ်းအဆီးများ ဆက်တိုက်များလာရာ မြန်မာများ ထိုင်းရဲများ၏ ရှောင်တခင် ၀င်ရောက်ဖမ်းဆီးမှုလည်း အကြိမ်အရေအတွက် ပိုမို များပြားလာကြောင်း ညစျေးတွင် နာမည်ကြီးအမှတ်တံဆိပ် နာရီများဖြစ်သည့် အိုမီကာ၊ ရိုလက်စ် တို့ကို ရောင်းချပေးနေသည့် ကချင်တိုင်းရင်းသား ကိုဂမ်မော်က နိုင်ငံတကာ မြန်မာသတင်း (BNI) ကို ယခုလို ပြောသည်။
“ရောက်စကတည်းက copy ပစ္စည်းရောင်းနေတာလေ၊ စရောင်းရောင်းခြင်းတုန်းကဆိုရင် လူကလည်းတရားမဝင်၊ ပစ္စည်းကလည်း copy ဆိုတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံဘူးဗျ။ အလိုလိုနေရင်းကို ကြောက်နေတာလေ” ဟု သုံးနှစ်ကြာ သူ၏ စျေးရောင်း အတွေ့အကြံုတချို့ကို ပြန်လည် ပြောပြနေသည်။
နာမည်ကြီး အမှတ်တံဆိပ် လက်ကိုင်အိတ်များဖြစ်သည့် Gucci၊ D&G၊ Louis၊ တီရှပ်များ၊ Nike၊ ပူးမား၊ မျက်မှန်၊ အားကစားရှူးဖိနပ်များအပြင် ခါးပတ်မျိုးစုံများသည် အတုနှင့် အစစ် ခွဲခြားရခက်သည့်အပြင် စျေးနှုန်းချိုသာသည့်အတွက် နိုင်ငံခြားသား ဧည့်သည်များ အကြိုက်တွေ့နေကြသည်။
“အတုမှန်းတော့ သူတို့သိတယ်။ ပစ္စည်းအစစ်စျေးနဲ့က တအားကွာတယ်လေ။ ပြီးတော့ ပစ္စည်းအစစ်တွေလို အသားတံဆိပ်တွေက ပါနေတော့ နိုင်ငံခြားသားတွေက ၀ယ်ကြတယ်။ အလုအယက်ကို ၀ယ်ကြတာ” ဟု ညစျေးတွင် ယခင်က စျေးရောင်းခဲ့ဘူးသူ မြန်မာအမျိုးသမီးတဦးက ဆိုသည်။
ထိုင်းရဲများက ကော်ပီပစ္စည်းဖြစ်စေ၊ တရားမဝင် မြန်မာအလုပ်သမားများကို လာရောက်ဖမ်းဆီးခြင်းမပြုမီ တညကြိုတင် အရပ်ဝတ်ဖြင့် စျေးဆိုင်များကို လိုက်လံကြည့်ရှုပြီး၊ နောက်တကြိမ်တွင်မူ အင်အားသုံးကာ အလုံးအရင်းဖြင့် ၀င်ရောက် ဖမ်းဆီးလေ့ရှိသည်။
“ထိုင်းအမျိုးသား အသက်ကြီးကြီးပေါ့ဗျာ၊ အသက် သုံးဆယ်ကျော် လေးဆယ်လောက်ရှိတဲ့ လူတွေ စျေးလာဝယ်ရင် လုံးဝကို မရောင်းရဲတာဗျ။ ရဲများလားဆိုပြီး ကြောက်နေတာဗျ” ဟု ကိုဂမ်မော်က ကျီးလန့်စာ စားနေရသည့် ဘဝကို ဖော်ညွှန်းကာ ပြောဆိုသည်။
ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီးသည့် ညများတွင် စျေးရောင်းအားလည်း အခြားညများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းလေ့ရှိသည်ဟုလည်း မြန်မာအလုပ်သမားများက ညည်းတွားကာ ဆိုသည်။
ယခုလို ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီးမှုများသည် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နာမည်ကြီး အမှတ်တံဆိပ် ကုမဏ္ဍီကြီးတချို့က ၎င်းတို့ကုန်ပစ္စည်းများ အတုလုပ် ရောင်းချနေသည်ကို တွေ့ရှိသည့်အခါ သက်ဆိုင်ရာ အာဏာပိုင်များမှ တဆင့်ဖိအားပေးခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းအလုပ်ရှင်တချို့က ဆိုသည်။
ရောင်းချသည့်ပစ္စည်းများတွင် ကော်ပီပစ္စည်းများအပြင် လက်မှုပစ္စည်းများဖြစ်သည့် ချည်ရောင်စုံဖြင့် ပြုလုပ်ထားသည့် လျှပ်စစ်မီးလုံးများ၊ ဆပ်ပြာခဲဖြင့် ပန်းဖော်ထားသည့် ပုံဆောင်ခဲများ အပြင် ရေဆေး၊ ဆီဆေး ပန်းချီကားချပ်များလည်း တွေ့ရသည်။
သို့သော် ကော်ပီပစ္စည်းအရောင်းဆိုင်များ၏ ရောင်းအား၊ လုပ်အားခတို့နှင့် နိုင်းယှဉ်ပါက လုံးဝ ကွာခြားမှုရှိကြောင်း လက်မှုအရောင်းဆိုင်တွင် စျေးရောင်း အတွေ့အကြံုရှိသူ ကိုအားဆီက BNI ကို ယခုလို ပြောသည်။
“ရိုးရိုးပစ္စည်းရောင်းတုန်းကဆိုရင် ရတဲ့ လစာက ၃၅၀၀ ဘတ် ကိုယ့်စရိတ်ကိုယ်စားပေါ့နော်။ နေစရာလည်း ကိုယ့်ဟာကိုယ်ရှင်းလေ။ ဘာမှကို မကျန်တဲ့အပြင် အကြွေးတောင်တင်သေး။ နောက်ဆုံးတော့လည်း ကြောက်ကြောက်နဲ့ ဒီကော်ပီ ရောင်းတဲ့ဘက်ကို ကူးလာတာပဲလေ” ဟု ပြောသည်။
ယခုအခါတွင် တလတွင် ထိုင်းဘတ်ငွေ ၅၀၀၀ ရရှိနေသည့်အပြင်၊ ကော်မရှင်စားအနေဖြင့် ရောင်းရသည့်ပစ္စည်းတန်ဘိုး၏ ဘတ်ငွေ ၁၀၀ တွင် ၁ ဘတ်ကိုရရှိကြောင်း၊ အရောင်းအဝယ်ကောင်းပါက အလုပ်ရှင်က မုန့်ဖိုးပေးခြင်း၊ လကုန်ပါက လစာအပြင်၊ ဘောက်ဆူးငွေ ပေးလေ့ရှိကြောင်း၊ သို့သော် နားရက်မရှိသည့်အတွက် ပင်ပန်းကြောင်း ကိုအားဆီက ဆိုသည်။
လစာနည်းသော်လည်း ထိုင်းရဲများ ဖမ်းဆီးခြင်းမှ ကင်းဝေးလိုသည့်အတွက် လက်မှုပစ္စည်းတမျိုးဖြစ်သည့် ရောင်စုံလျှပ်စစ်မီးလုံးဆိုင်ကို ရွေးချယ် အလုပ်လုပ်သူ ကရင်အမျိုးသမီး နော်ဟဲနာကမူ ယခုလို မှတ်ချက်ပေး ပြောဆိုသည်။
"အစ်မ ကတော့လေ ပိုက်ဆံဘယ်လောက်ရရ၊ ဒီ copy ပစ္စည်းရောင်းတာကိုမလုပ်ဘူး သိလား၊ ကြောက်တယ်လေ။ လူလာဖမ်းလည်းပြေးရ၊ ဟော ပစ္စည်း ဖမ်းတော့လည်း ပြေးရဆိုတော့လေ၊ လစာနည်းပေမယ့် အေးအေးလူလူရောင်းရတဲ့ ဒီလက်မှုပစ္စည်းလေးပဲ ရောင်းတယ် သိလား” ဟု ပြောသည်။
ညစျေးတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားအများစုမှာ အလုပ်သမားမှတ်ပုံတင်ကိုင်ဆောင်သူများရှိပြီး၊ တရားဝင်နေထိုင်ခွင့် ကဒ်ပြား ကိုင်ဆောင်သူ လူနည်းစုသာ ရှိသည်။
ထိုင်းအာဏာပိုင်များက အလုပ်သမားမှတ်ပုံတင်ကိုင်ဆောင်သူများကို ထိုညစျေးတွင် စျေးရောင်းခွင့် တားမြစ်ပိတ်ပင်ထားသည်။ စျေးရောင်းသူများတွင် မြန်မာအလုပ်သမားအရေအတွက်သည် ထိုင်းအလုပ်သမားများထက် ၂ ဆများသည်။
ထိုင်းလူမျိုးများ ၀င်ရောက်လုပ်ကိုင်သူ နည်းပါးသည့် ကော်ပီပစ္စည်းအရောင်းဆိုင်များတွင် အခြေခံ အင်္ဂလိပ်စကားပြောဆိုနိုင်သည့် မြန်မာအလုပ်သမားများကို ရွေးချယ်ခန့်ထားကြောင်း ထိုင်းသူဋ္ဌေး၊ အမျိုးသမီးတဦးဖြစ်သူ ဖိဆိုဖာက ယခုလို ပြောသည်။
“အလုပ်သမားအားလုံး မြန်မာပြည်သားတွေပဲလေ။ သူတို့နဲ့အလုပ်လုပ် ရတာ အဆင်ပြေတယ်။ ဒါပေမယ့် ရဲတွေလာပြီဆိုရင်တော့ ကြိုရှောင်ခိုင်းလိုက်တယ်လေ။ တကယ်တော့ အားလုံးက နားလည်မှုတွေနဲ့ အလုပ် လုပ်နေကြတာပေါ့နော်” ဟု ပြောသည်။
ထိုင်းနိုင်ငံ၏ မူပိုင်ခွင့် ဥပဒေအရ တရားမဝင် ကော်ပီပစ္စည်းများ စီးပွားဖြစ်၊ ထုတ်လုပ်ရောင်းချခြင်းများကို တွေ့ရှိပါက ထောင်ဒဏ် ၃ လမှ ၂ နှစ်အထိသော်၎င်း၊ ဒဏ်ငွေအဖြစ် ၅ သောင်းမှ ၄ သိန်းအထိ ပေးဆောင်ရမည်ဖြစ်သည့်အပြင် ထောင်ဒဏ်နှင့် ငွေဒဏ် ၂ မျိုးစလုံးပါ ကျခံနိုင်သည်။
တရားမဝင်ကော်ပီပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားကို သက်ဆိုင်ရာ ထိုင်းအလုပ်ရှင်များက ငွေဒဏ်ပေးဆောင်ခြင်းဖြင့် အာဏာပိုင်များထံက ပြန်လည်ရွေးယူသူများရှိသလို၊ အချို့ကမူ တာဝန်ယူဖြေရှင်းပေးခြင်း မရှိပေ။
“ကျွန်တော် ဖမ်းခံရတုန်းကဆိုရင် သူဋ္ဌေးလာမရွေးတော့ ထောင် ၃ လကျတယ်လေ။ ရဲစခန်းကိုရောက်တာနဲ့ သူဋ္ဌေးကိုဖုန်းဆက်တာ မရဘူးလေ။ နောက်တော့လည်း ထောင်ထဲ မှာ ၃ လနေလိုက်ရတယ်” ဟု ၂ ကြိမ်တိတိ ထိုင်းရဲများ ဖမ်းဆီးခြင်းဘေးမှ လွှတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် ဖမ်းဆီးခံလိုက်ရသည့် ကိုသီဟက သူ၏ အတွေ့အကြံုကို စိတ်မချမ်းမြေ့စွာ ပြန်လည်ပြောပြသည်။
ထိုင်းအလုပ်ရှင်တဦးကမူ ထောင်ကျနေသည့် မိမိအလုပ်သမားများကို ပြန်လည်ရွေးယူရာတွင် အလုပ်သမားများအပေါ်များစွာ မူတည်ကြောင်း ယခုလို မှတ်ချက်ပေး ပြောဆိုလိုက်သည်။
“အလုပ်သမားတွေ အပေါ်မှာအများကြီးမူတည်တယ်။ဘာလို့လဲဆိုတော့ ကိုယ့်အလုပ်သမားက ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ပေးတယ်၊ အလုပ်ချိန်လေးစားတယ်၊ ရိုးသားပြီး ကြိုးကြိုးစားစားလုပ်ရင်တော့ ဘယ်သူဋ္ဌေးကမှ ပစ်ပယ်ထားမှာ မဟုတ်ပါဘူးဗျာ” ဟု ပြောသည်။
သို့သော် ထိုင်းအလုပ်ရှင် ဖိဆိုဖာက “အစ်မ အနေနဲ့ကတော့လေ ထိုင်းအလုပ်သမားပဲဖြစ်ဖြစ်၊ မြန်မာအလုပ်သမားပဲဖြစ်ဖြစ်၊ အပြန်အလှန် အကျိုးရှိအောင် သူကြိုးစား ကိုယ်ကြိုးစားဆိုရင် အားလုံးကို တန်းတူအခွင့်အရေးပေးမှာပါ” ဟု ဂရုဏာထား ပြောဆိုသည်။
ညစျေးရှိ တရားမဝင် ကော်ပီပစ္စည်းအရောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေကြသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အာဏာပိုင်များ၏ ဖမ်းဆီး၊ ထောင်ချခြင်းမှ ကင်းဝေးရန် ဥပဒေဘောင်အတွင်း ကူညီဆောင်ရွက်ပေးရေးအတွက် ခက်ခဲကြောင်း ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို အကူညီပေးနေသည့် လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) အဖွဲ့က ကိုစိန်ဋ္ဌေးက ယခုလို ပြောသည်။
“ဥပဒေဘောင်ထဲ ကနေ အလုပ်လုပ်တယ်ဆိုရင်တော့ ကူညီနိုင်တာပေါ့။ ဥပမာဗျာ အလုပ်လုပ်ပြီး လုပ်အားခ မရတာတို့၊ လုပ်အားခကို ခေါင်းပုံဖြတ်ခံရတာတို့ ဆိုရင်တော့ ကူညီပေးလို့ရတယ်လေ။ အခုလို စျေးရောင်းတာတောင်မှ ချမှတ်ထားတဲ့ ဥပဒေ ဘောင်ကို ချိုးဖောက်ရုံသာမက ဒီလို copy ပစ္စည်းတွေ ရောင်းနေတော့ ကျွန်တော်တို့အနေနဲ့ ကလည်း ကူညီရတာခက်တယ်ဗျ” ဟု ဆိုသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာမူ ရွေးချယ်ရန် လမ်းမရှိသည့်အတွက် တရားမဝင် ကော်ပီပစ္စည်းများကို ရောင်းချနေရကြောင်း ယခုလို ထုတ်ဖော် ပြောဆိုကြသည်။
“အလုပ်မရှိတော့ စိတ်နာနာနဲ့ပဲ ဒီအလုပ်ကိုဆက်လုပ်နေရတာပေါ့ဗျာ။ ရွေးချယ်ပိုင်ခွင့်ဆိုတာ ကျွန်တော်တို့လို အလုပ်သမားတွေမှာ မရှိဘူးလေဗျာ” ဟု ဒီဗီဒီ ကော်ပီခွေများ ရောင်းချသည့် ကိုသီဟက သူ၏ ခံစားချက်ကို ထုတ်ဖော် ပြောဆို လိုက်သည်။
ကိုဂမ်မော်ကလည်း “မြန်မာပြည်ကနေ ထွက်လာကတည်းက အဆင်မပြေမှုတွေနဲ့ ဆိုတော့ အလုပ်လက်မဲ့ ဖြစ်သွားရင် အိမ်ကိုပို့ဖို့ ခက်ခဲမှာ လည်းကြောက်၊ နေစရိတ်၊ စားစရိတ်ကလည်း စျေးကြီးဆိုတော့ဗျာ မလုပ်ချင်လည်း လုပ်နေရတယ်” ဟု အဝေးကို ငေးမောကာ မိသားစုအတွက် စိုးရိမ်စိတ်အပြည့်ဖြင့် ဆိုသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးအဆင်မပြေမှုများ၊ ကုန်စျေးနှုန်းများ တရိပ်ရိပ်မြှင့်တက် လာနေမှုများနှင့် အလုပ်အကိုင်ရှားပါးမှုများက လူငယ်အများစုကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် တွန်းပို့နေသဖွယ်ရှိသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ ၂ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူ အရေအတွက်မှာမူ စုစုပေါင်း ၁ သိန်းခန့်ရှိမည်ဟု ရွှေ့ပြောင်းအလုပ်သမား ကူညီရေး အဖွဲ့စည်းတချို့က ခန့်မှန်း ပြောဆိုနေကြသည်။
ထိုင်းအစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ပြုလုပ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းအထိ သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မတ်လ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းထားသည်။
တရားဝင်အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ပျမ်းမျှ အရေအတွက် ၁ သန်းကျော်ရှိသော်လည်း နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးသူ စုစုပေါင်း ၆ သောင်းခန့်ရှိသည်ဟု ခန့်မှန်းထားသေးသည်။
တရားဝင်မှတ်ပုံတင်နိုင်ရေးတွင် ငွေကြေးလိုအပ်မှုကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများထဲက တခုပင်ဖြစ်နေသည်။
တဖက်တွင် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရေးအတွက် လွယ်ကူသော်လည်း လုပ်ငန်းခွင် ပြောင်းရွှေ့ခွင့်မရှိသည့်အတွက် အလုပ်သမားများ အခက်အခဲဖြစ်ကြရကြောင်း ဦးစိန်ဋ္ဌေးက ဆိုသည်။
မည်သို့ပင် ဆိုစေကာမူ ချင်းမိုင်ညစျေးက မြန်မာအလုပ်သမားများ၏ ဘဝလုံခြံုရေးသည် မိမိကိုယ်ကို တာဝန်ယူရမည့် အနေအထားတွင် ရှိနေပြီး၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်မှသာ မိမိလုံခြံုရေးအတွက် အာမခံပေးနိုင်မည် ဖြစ်သည်။
သို့သော် ယနေ့ထိတိုင် ထိုင်းရဲများက တရားမဝင် ကော်ပီပစ္စည်းများ လာရောက်ဖမ်းဆီးမည်ဆိုပါက စည်ကားနေသည့် ချင်းမိုင်ညစျေးရှုခင်းသည် ရုတ်တရက် ကျားက သားကောင်လေးများကို လိုက်လံဖမ်းဆီးနေသကဲ့သို့ပင် မြန်မာအလုပ်သမားများ တရုန်းရုန်းဖြင့် ထွက်ပြေးရပြန်သည်။