စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေကို မကျေနပ်သဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးရှေ့ တားမြစ်ဧရိယာ၌ ယနေ့ နံနက်တွင် ဆန္ဒပြခဲ့သည့် တက်ကြွလှုပ်ရှားသူ မြန်မာ ဦးရေ ရ၂ ဦးအနက် ၂၆ ဦးအား ဒေလီရဲက အမှုဖွင့်ကာ တရားစွဲမှာဖြစ်သည်။
အမျိုးသမီး ၅ ဦး အပါအဝင် ၂၆ ဦးအား ရဲက ဥပဒေနှင့် မညီညွတ်သော စုရုံးမှု၊ တာဝန်ကျ အရာရှိများ၏ အမိန့် မနာခံမှု၊ မြန်မာသံရုံးပိုင် ပစ္စည်းအား ဖျက်ဆီးမှုဖြင့် အမှုဖွင့်လိုက်ရာ နယူးဒေလီရှိ ပါတီရားလား တရားရုံးတွင် မနက်ဖြန် ရုံးထုတ်မည်ဖြစ်သည်။
အိန္ဒိယရှေ့နေ Akshay Sharma က ချန်နာကရာ ရဲစခန်းသို့ သွားရောက်ကာ အထိန်းသိမ်းခံ မြန်မာများနှင့် တွေ့ဆုံခဲ့သည်။ ဆန္ဒပြသူများထဲမှ ၄၆ ဦးကိုမူ ယနေ့တွင် ပြန်လွှတ်ပေးမည်ဟု သိရသည်။
ဆန္ဒပြသူများက ယနေ့ နံနက်ပိုင်းတွင် မြန်မာသံရုံးရှေ့ အုတ်တံတိုင်းများ၊ ဆိုင်းဘုတ်များနှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုပ်ပုံများပေါ်တွင် အနီရောင် သင်္ဘောဆေး မှုတ်ဆေးဘူးများဖြင့် ပက်ဖြန်းခဲ့ကြသည်။
ထို့အပြင် ''ဗိုလ်ချုပ်သန်းရွှေ ငရဲပြည်သွား'' ၊ ''ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်'' ''ရွေးကောက်ပွဲများ အလိုမရှိ'' ဟူသည့် အဓိပ္ပာယ်ရ ကြွေးကြော်သံများ အင်္ဂလိပ်လို အော်ဟစ်ကာ နံရံများပေါ်တွင် ထိုစာသားများကို အနီရောင် ဆေးများဖြင့် ရေးသားခဲ့ကြသည်။
စစ်အစိုးရက ယခုနှစ်အတွင်း ကျင်းပမည်ဟု ဆိုထားသည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ယခုလ ဒုတိယအပတ်မှ စတင်ကာ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ရာ ထောင်ဒဏ်နေရသူများ နိုင်ငံရေးပါတီဝင် မဖြစ်စေရဟု ကန့်သတ်ချက်လည်း ပါရှိသည်။
ထိုဥပဒေက နေအိမ်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်၍ မရအောင် ပိတ်ပင်လိုက်သည်။
နယူးဒေလီ မြန်မာသံရုံးရှေ့ ယနေ့ ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန်နှင့် လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ ကျင်းပရန် စစ်အစိုးရကို တောင်းဆိုကြသည်။
ထို့အပြင် ကုလသမဂ္ဂအနေဖြင့်လည်း စစ်အစိုးရ ကျူးလွန်သည့် လူသားမျိုးနွယ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးမည့် ကော်မရှင်တရပ် ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြသည်။