မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အသုံးများနေသော ထိုင်းကော်လက်ဖုန်းများကို မြန်မာအာဏာပိုင်နှင့် ဌာနဆိုင်ရာတို့ ပါဝင်သည့် အဖွဲ့ပေါင်းစုံမှ ဝင်ရောက်စစ်ဆေးရန် ရှိသဖြင့် ခေတ္တယာယီ ပိတ်ထားရသည်။
ထိုင်းကော်လက်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက တောင်ပေါ်တွေမှာရှိတဲ့ ဖုန်းတွေကို ပိတ်ဖို့အတွက် အဖွဲ့ပေါင်းစုံက ညွန်ကြားထားတယ်” ဟု ပြောသည်။
ပြည်တွင်းမှာ ဖြစ်ပျက်နေသည်ကို ပြည်ပသတင်းဌာနသို့ ထိုင်းကော်လက်ဖုန်းမှတဆင့် ပြန့်နှံ့နေသည်ဟု အာဏာပိုင်တို့မှ ယူဆသည့်အတွက် မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင် ခေတ္တခဏယာယီပိတ်ရန် ညွန်ကြားခြင်းဖြစ်သည်ဟု မွန်ပြည်နယ်တောင်ပိုင်းမှ ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။
ဖုန်းများ ယာယီပိတ်ထားရသည့်အတွက် ၄င်းတို့ဝင်ငွေထိခိုက်လာပြီး၊ ဌာနဆိုင်ရာနှင့် စစ်တပ်တို့ပါဝင်သည့် အဖွဲ့ပေါင်းစုံတို့ကိုလည်း ငွေကြေးပေးဆောင်နေရကြောင်း ဖုန်းပိုင်ရှင်တို့က ပြောသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းကော်လက်ဖုန်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တရားမဝင် ဖုန်းများဖြစ်သည့်အတွက် အိမ်နီးချင်းထိုင်းနှင့် ပြည်ပဆက်သွယ်ရန် ဒေသခံအာဏာပိုင်များနှင့် စစ်တပ်တို့အား နားလည်မှုသဘောဖြင့် လစဉ် သို့မဟုတ် နှစ်စဉ် ငွေကြေး ပေးသွင်းရသည်။
“ဖုန်းက တရားဝင်မဟုတ်တော့ နည်းနည်းလေ အလုပ်လုပ်ရတာကို စသုံးလုံးကတဖွဲ့၊ ရဲ (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကတဖွဲ့၊ ရယကနဲ့ အက်ပီတို့တွေလည်း တဖွဲ့မဟုတ် တဖွဲ့တော့ ငွေလာတောင်းနေမြဲပါ၊ ပိုက်ဆံလေနည်းနည်းရတာ ဘာမှ မကျန်တော့ဘူး” ဟု ကော်လက်ဖုန်းပိုင်ရှင်တစ်ဦက ပြောသည်။
မော်လမြိုင်ရှိ အခြားဖုန်းပိုင်ရှင်တစ်ဦးကလည်း ထိုင်းကော်လက်ဖုန်းဆက်သူများမှာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသော အလုပ်သမားများမှ ငွေလွှဲခြင်းနှင့် ၄င်းတို့ မိသားစုနှင့် ဆက်သွယ်ရာတွင်သာ အသုံးများသည်ဟု ပြောသည်။
ထိုင်းကော်လက်ဖုန်းသည် ဆက်သွယ်ရာတွင် ရေဒီယိုဖွင့်ထားသူများလည်း ကြားနိုင်ပြီး၊ လုံခြုံမှုမရှိဟု ၄င်းဖုန်းပိုင်ရှင်က ပြောသည်။ ၄င်းအပြင် ထိုင်းကော်လက်ဖုန်းမှာ အခြားသူများ အသံဖမ်းနိုင်သည့်အတွက် အသုံးမပြုလိုသော်လည်း အခြားဂြိုလ်ထုကဲ့သို့သော ထိုင်းဖုန်းများနှင့် နှိုင်းယှဉ်ပါက စျေးသက်သာသည့်အတွက် သာမန် ပြည်သူ များက ထိုင်းကော်လက်ဖုန်းကိုသာ အသုံးများကြသည်။
ထိုင်းကော်လက်ဖုန်းမှာ တစ်မိနစ်လျှင် ၃၀၀ ကျပ်ခန့်ပေးရပြီး၊ ဂြိုဟ်တုဖုန်း satellite ဖုန်းမှာ တစ်မိနစ်လျှင် ၆၀၀ ကျပ်ခန့်ပေးရသည်။ သို့သော်လည်း ယခုနောက်ပိုင်း တွင် ဂျီအက်အမ်ဖုန်းနှင့် စီဒီအမ်အေဖုန်းများကိုလည်း အသုံးပြုလာကြသည်။
၂၀၀၇ နောက်ပိုင်းတွင် ထိုင်းကော်လက်ဖုန်း အသုံးပြုမှု များပြာလာခဲ့သည်။ ယခင်က မြို့များတွင်သာ ပိုက်ဆံထုတ်ယူနိုင်သော်လည်း ၂၀၀၇ နောက်ပိုင်းတွင် ထိုင်းမှ ပေးပို့လာသော ငွေကြေးများကို ကျေးရွာမှာလည်း ထုတ်ယူနိုင်ခဲ့သည်။