၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ

၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ
by -
ခိုင်စု
၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဝေဖန်ရှုတ်ချထားသည့် လက်ကမ်းစာစောင်များ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိတ်တဆိတ် ဖြန့်ဝေမှုများ...

၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဝေဖန်ရှုတ်ချထားသည့် လက်ကမ်းစာစောင်များ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိတ်တဆိတ် ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့  လူစည်ကားရာ မှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် အဆိုပါ စာရွက်များကို လူအချို့က ရှောင်တခင် လိုက်လံဝေငှခဲ့ခြင်း ဖြစ်သည်။

"ဒီလိုနေရာတွေမှာ ကျူရှင်တို့၊ အလှပြုပြင်ရေးဆိုင်ရာတို့ ကြော်ငြာတွေ ဝေတာ ပုံမှန်ရှိတယ်။ အမှတ်တမဲ့ ယူထားလိုက်ပြီးမှ သုံးခေါက်ချိုး စာရွက်အပေါ်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ တွေ့တာ။ လူနှစ်ယောက် လိုက်ဝေတယ်။ ဝေပြီးတာနဲ့ ပျောက်သွားတယ်။ တော်တော်များများက ကြောက်လို့ထင်တယ်။ ဖတ်ပြီးတာနဲ့ ဖြဲလိုက်ကြတယ်" ဟု ပန်းဆိုးတန်းမှတ်တိုင်တွင် ကားစောင့်နေစဉ် အဆိုပါစာရွက် လက်ခံရရှိခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း တာမွေမြို့နယ် မင်္ဂလာစျေး၊ ယုဇနပလာဇာနှင့် ကျောက်မြောင်းစျေး မှတ်တိုင်တွင် ဝေငှမှုများ ရှိခဲ့ကြောင်း သိရသည်။

“အထဲက တက်ကြွတဲ့ လူငယ်တွေက ဖေဖော်ဝါရီကတည်းက လုပ်နေတာ။ စာရွက်ဝေတယ်ဆိုတာ သတင်းစာ၊ ဂျာနယ်ရောင်းသလို လုပ်လို့ရတာ မဟုတ်တော့ တချို့ လူမြင်ကွင်း နေရာမှာ ဖြစ်သလို၊ တချို့နေရာတွေမှာ လက်သိပ်ထိုး ဖြန်တာမျိုးလည်း ရှိကြတယ််” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

ပြည်တွင်းရှိ တက်ကြွလှုပ်ရှားသူ လူငယ်များက ပြီးခဲ့သည့်လမှ စတင်၍ ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင်ပါ ထိုသို့ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သူက ပြောဆိုသည်။

FDB သည် အတိုက်အခံ ကျောင်းသားလူငယ် ပါတီအဖွဲ့အစည်းအချို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စုမဟုတ်ဘဲ တပြည်ထောင်စနစ်ကိုသာ မြန်မာနိုင်ငံတွင် ကျင့်သုံးမည့်အကြောင်း အပါအဝင် အန္တရာယ် ၁ဝ ချက်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန် ကာလတွင် ဖြစ်ပေါ်လာမည့် ပြဿနာများတွင် စစ်တပ်က နိုင်ငံတော်အာဏာအား အချိန်မရွေး သိမ်းယူနိုင်သည့်အချက် အပါအဝင် အချက် ၉ ချက်ကို စာရွက်ထဲတွင် ရေးသားထားသည်။

အန္တရာယ် ၁ဝ ချက်တွင် ပြည်ထောင်စုဟု ဆိုသော်လည်း မဆလ အစိုးရလက်ထက် အုပ်ချုပ်သည့် တပြည်ထောင်စနစ် ဖွဲ့စည်းပုံသာဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းများကို  ပြည်သူပိုင်  မသိမ်းရဟု ဆိုထားပြန်သော်လည်း စစ်အုပ်စုများကသာ လုပ်ငန်းများကို သိမ်းယူထားကြောင်းနှင့် နိုင်ငံပိုင် သယံဇာတ အရင်းအမြစ်များကို စစ်အုပ်စုကသာ ပိုင်ဆိုင်နေပြီး၊  ဗိုလ်ချုပ်မှူးကြီးက အချိန်မရွေး အဏာသိမ်းယူနိုင်ကြောင်း ပါရှိသည်။

၂ဝ၁ဝ အလွန် ဖြစ်ပေါ်မည့် ပြဿနာများအကြောင်းတွင် စစ်အာဏာသိမ်းမှု အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်းနှင့် လွှတ်တော်ထဲတွင် အရေးကြီး ပြဿနာများကို မှန်ကန်စွာ ဆုံးဖြတ်ချက် မချမှတ်နိုင်ကြောင်း ပါရှိသည်။

Most read this week