မြန်မာ့ အထည်ချုပ် နာလန်မထူသေး

မြန်မာ့ အထည်ချုပ် နာလန်မထူသေး
by -
ကျော်ခ
ကမ္ဘာ့စီးပွား အကျပ်အတည်းကြောင့် ကျဆင်းနေခဲ့သော မြန်မာ့အထည် လုပ်ငန်းများမှာ ပြန်လည် ခေါင်းထောင်နိုင်ခြင်း မရှိသေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက....

ကမ္ဘာ့စီးပွား အကျပ်အတည်းကြောင့် ကျဆင်းနေခဲ့သော မြန်မာ့အထည် လုပ်ငန်းများမှာ ပြန်လည် ခေါင်းထောင်နိုင်ခြင်း မရှိသေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

၂၀၀၈ နှစ် စက်တင်ဘာလကုန် နိုဝင်ဘာလပိုင်းမှ စတင်ကာ မြန်မာ့အထည်ချုပ် လုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားရာ လည်းကောင်းကို ဆက်လက်ထိုးကျမသွားအောင် ထိန်းထားနေရဆဲဖြစ်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

“World Crisis (ကမ္ဘာ့စီးပွားအကျပ်အတည်း) က ကျနော်တို့ အထည်ချုပ်လုပ်ငန်းတွေကို ၂ဝဝ၈ အောက်တိုဘာ၊ နိုဝင်ဘာတည်းက စဖြစ်လိုက်တာ။ (၂ဝ၁ဝ ခု) ဖေဖေါ်ဝါရီလောက်ကျတော့ ၃ဝ ရာခိုင် နှုန်းလောက် ကျသွားတာ အခုချိန်ထိ ကျနေတုန်းပဲ။ ဒီထက်မဆိုးအောင်ဘဲ ထိန်းနေရတာပေါ့နော်” ဟု ဦးမြင့်စိုးက ပြောသည်။

နိုင်ငံတကာကုမ္ပဏီအုပ်စုကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေသည့် မြန်မာ နိုင်ငံမှ ဂျပန်၊ ဥရောပ၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံများသို့ တင်ပို့နေပြီး ဂျပန်သို့ အများဆုံး ဖြစ်သည်။

၂ဝဝ၃ ခုနှစ်တွင် အမေရိကန်က စီးပွားပိတ်ဆို့မှု ဥပဒေ ပြဌာန်းပြီးနောက် တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။

ဥက္ကဌ ဦးမြင့်စိုးက ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဝင်ငွေနည်းပါးလာမှု၊ အလုပ်အကိုင် ရှားပါး လာမှုများကြောင့် အဝတ်အစား ဝယ်ယူသုံးစွဲမှု နည်းပါးလာသဖြင့် ချုပ်ခနှုန်းများလည်း ထိခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ချုပ်ခစျေးနှုန်းတွေလျော့လို့ အခုလိုမျိုး ၃ဝ ရာခိုင်နှုန်း လျော့ကျသွားတာမှန်တယ်။ အဝတ်အစားဝယ်ယူ သုံးစွဲမှုက ကမ္ဘာမှာ လျော့သွားတာကိုး။ အဝတ်အစား တွေရဲ့ တန်ဘိုးက ကျသွားတယ်။ အဲဒါကြောင့် အဝတ်စား ထုတ်လုပ်သူတွေကို ပေးတဲ့ပိုက်ဆံကလည်း ကျသွားတာပေါ့နော်”  ဟု သူကပြောသည်။

လုပ်ငန်းမကောင်းသော်လည်း လွန်ခဲ့သည့် ၃ လနှင့် နှိုင်းယှဉ်လျှင် စက်ရုံုသစ် ၄ ရုံ ရန်ကုန်တွင် တိုးလာကြောင်း အစိုးရ စာရင်းများအရသိရသည်။

ရန်ကုန်တိုင်းသည် အထည်ချုပ်စက်ရုံ အများဆုံးဖြစ်ပြီး ပဲခူးမြို့တွင် အနည်းငယ်ရှိသည်။ လက်ရှိစာရင်းအရ လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ ၁၂ဝ ကျော်ရှိသည်။

အထည်ချုပ်လုပ်ငန်းများအတွက် စားရိတ်ပိုထောင်းစေသည်က လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းက အဓိက ဖြစ်သည်။ လောင်စာဆီ ကုန်ကျစရိတ်ကြောင့် အသုံးစရိတ်မှာ ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ဝင်ငွေနှင့် ထွက်ငွေ မကိုက်တော့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အထည်ချုပ်လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုမှ ငယ်ရွယ်၍ နယ်မှလာသည့် မိန်းကလေး အများစုဖြစ်ပြီး လစာမှာ ကျပ် ၄၅၀၀၀ မှ ၆၀၀၀၀ အကြားသာ ရရှိကြသည်။ လစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးများ အတွက် ဆန္ဒပြမှုများလည်း မကြာခဏ ပေါ်ပေါက်နေသည်။

သို့သော်လည်း ဆန္ဒပြမှုများကြောင့် ထုတ်လုပ်မှုကို ထိခိုက်ခြင်းမရှိဟု ဦးမြင့်စိုးက ပြောသည်။