ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ် ၃ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ဇန်နဝါရီလပိုင်းက ကျောင်းထုတ်ခံ ခဲ့ရဖြင့် ပညာရေးတွင် နစ်နာမှုရှိနေကြောင်း ကျောင်းသား၏ အမေက ပြောသည်။ အဆိုပါ ကျောင်းမှ ၉ တန်း ကျောင်းသား မောင်ဉာဏ်လင်းအောင်အား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမ ကကျောင်းဝန်း အတွင်း ဆိုင်ကယ်ရွှေ့ခိုင်းရာ မရွှေ့ပေးသဖြင့် ကျောင်းထုတ်ခံခဲ့ရကြောင်း ဆိုသည်။
“ဆိုင်ကယ်ရွှေ့ခိုင်းတာ မကြားလို့မရွှေ့တာကိုနိုင်ငံတော်အလံ အလေးပြုတဲ့ စတိတ်ခုံပေါ်တက်ခိုင်းပြီးကလေးကို ကျောင်းသား တွေရှေ့မှာ ပါးရိုက်လိုက်တာ ဆရာဆရာမတွေရော ကျောင်းသားတွေရော တုံလှုပ်သွား တယ် ” ဟု သူမက ဆိုသည်။
ထိုသို့ဖြစ်ခဲ့ပြီး နောက်တစ်ရက် ဆရာမကြီးက မောင်ဉာဏ်လင်းအောင် ကျောင်းမတက်သည်ကိုသိရှိသဖြင့်အတန်း ပိုင်ဆရာမအား ကျောင်းထုတ်လိုက်ရန် မှာကြားခဲ့သည်ဟု သိရသည်။
“နောက်တစ်ရက်ကျတော့ မနက်ပိုင်း ကျောင်းသွားတယ်၊ နေ့လည်ပိုင်း ခြေစွယ်ငုတ်ပြီး ကျောင်းမသွားဘူး ကျောင်းမှာ round လှည့်တဲ့အခါ ကလေးကျောင်းမတက်တာ သွားတွေ့တော့ အတန်းပိုင်ဆရာမအား ကျောင်းမ တက်စေနဲ့တော့ ကျောင်းထုတ်လိုက်ပြီဆိုတာ ပြောလိုက်လို့မှာခဲ့တယ် ” ဟု ဆိုသည်။
ကျောင်းစည်းကမ်းဖေါက်ဖျက်မှုကြောင့်မဟုတ်ပဲ ဆရာမကြီးခိုင်းတာ မလုပ်သဖြင့် ကျောင်းထုတ်ခံပြီးကျောင်း ပညာရေး နစ်နာရကြောင်း မိခင်က ဆက်ပြောသည်။
ယခုကိစ္စကို မြစ်ကြီးနားနှင့် ဗန်းမော်မြို့များရှိ ပညာရေးဋ္ဌာနများသို့ တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေး ယူဆောင်ရွက်ခြင်း မရှိသေးကြောင်းသိရသည်။ “မြစ်ကြီးနား ဗန်းမော်အဆင့် သက်ဆိုင်ရာပညာရေးဋ္ဌာနတွေဆီတော့ တင်ထားတယ် အခုထိအရေးတယူ လုပ်ပေးတာမရှိသေးဘူး မိဘတွေအနေနဲ့ကလေးက ၁၅ နှစ် ဘဲရှိသေးတော့ ပျက်ဆီးသွားမှာ စိုးရိမ်တယ်” ဟု ပြောသည်။
အဆိုပါကျောင်းသို့ ကျောင်းအုပ်ဆရာမကြီးပြောင်းရွှေ့လာသည်မှာ တလခန့်သာရှိသေးပြီး မောင်ဉာဏ်လင်း အောင်မှာ အတန်းတင်စာမေးပွဲဖြေဆိုခါနီးဆဲဆဲ ကျောင်းထုတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။