တန့်ယန်းတွေ့ဆုံပွဲနောက်ပိုင်း ၀ နှင့် နအဖ နှစ်ဘက် စစ်ရေးတင်းမာလာချိန်မှစ၍ တရုတ်လုံခြံုရေးတပ်ကနယ်စပ် တလျှောက် အင်အားထောင်ချီ ထပ်မံဖြည့်တင်း ထားသည်ဟု စုံစမ်းသိရှိပါသည်။ “ဆီးမော်(၀်) က လာတဲ့တပ်ဖွဲ့ ၂၀၀၀ ကျော်လောက် အရင်ကတည်းကရှိနေပြီးသား၊ ပြီးခဲ့တဲ့အပတ်ကစပြီး ချိန်တူး ကနေ အင်အား ထပ်ဖြည့်တယ်။ ၀ နယ်စပ်တကြောမှာ တရုတ်တပ် အင်အား ၆၀၀၀ ထက်မနည်း ရှိလိမ့်မယ်”- ဟုလူလတ်ပိုင်း သျှမ်းအမျိုးသားတဦးကပြောပါသည်။
နအဖ နှင့် ၀ တပ်ဖွဲ့တိုက်ပွဲဆင်နွဲရန် တရက်ထက်တရက်ရာနှုန်းပိုများလာသည်ကို တရုတ်က အကဲခတ်မိသော ကြောင့် ဖေဖေါ်ဝါရီ ၆-၇ ရက်မှစ၍ စစ်အင်အား ပိုမိုဖြည့်တင်း လာခြင်းဖြစ်ကြောင်း၎င်းင်းကပြော၏။ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ချိန်တူး (တရုတ်ပြည်အနောက်တောင်ပိုင်း စစ်ဌာနချုပ်) မှ စစ်ယာဉ်တန်း ခါလီကား အစီး ရ၀-၈၀ ကြားလုံခြံုရေး တပ်ပို့ဆောင်ပြီး လှည့်ပြန်သွားကြောင်း - လင်ချန်းမြို့နယ်အတွင်းမြင်တွေ့ရသည့် ဒေသခံများက လည်းပြောပါသည်။
“၀ ကို ကူတိုက်ဖို့ တရုတ်မှာ ပေါ်လစီမရှိဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ရေနံတွေ ဂက်စ်တွေအရမ်းလိုနေ တယ်။ ဒါပေမဲ့ စစ်ဖြစ်လာရင် ကိုးကန့်အရေးအခင်းလို ဒုက္ခသည်တွေ ကမောက်ကမ မဖြစ်အောင်၊ ဒုက္ခသည်ယောင်ဆောင်သူ တွေ ပါမလာအောင်၊ စစ်ဆေးဟန့်တားဖို့ အင်အားဖြည့်ထားတာဖြစ်တယ်”- ဟု ဒေသခံ တဦးကပြောဆိုသုံးသပ်ပြ ပါသည်။
မတ်ချ်လဆန်းပိုင်းမှစ၍ တန့်ယန်းမြို့နယ် မိုင်းကောင်ဝ် အခြေစိုက် ခလရ ၃၃ က ဒေသခံလားဟူပြည်သူ့စစ် များ နှင့် ရှေ့တန်းအခြေစိုက် တပ်စခန်းများအား (သံလွင် မြစ်တကြော) ၀ နယ်ခြားတလျှောက် ၀ နယ်အဝင် အထွက်လမ်းကြော များအားလုံး မျက်ခြေမပြတ်စောင့်ကြည့်တားမြစ်ရန် ညွှန်ကြားခဲ့၏။ တန့်ယန်းမြို့နယ် နမ့်လောင်(၀်)း ကျေးရွာအုပ်စုဝင် ၄-၅ ရွာအားလည်း မတ်ချ် ၁၄ ရက်နေ့မှစ၍ သံလွင်မြစ်အတွင်း ဖြတ်သန်း သွားလာခြင်းမပြုရန် အမိန့်ထုတ်ထားသည်ဟု ဒေသခံတဦးက ဤကဲ့သို့ပြောပြပါသည်။
“၁၃ ရက်နေ့က နမ့်ပန်ချောင်းက ကျပ်သိန်း ၃၀ တန် သံကိုယ်ထည် စက်လှေအကြီးစားတစီးကို ခလရ ၃၃ က ရ သိန်းနဲ့ အဓမ္မဝယ်သွားတယ်။ နောက်ပြီး ဒေသခံ အယောက် ၅၀ ကျော်ချောဆွဲပြီး သရီးကရောင်းကား တစီး ပေါ်တင်ခိုင်းတယ်။ အဲဒီစက်လှေကို တာ့ပိန်းဖိ ခေါ် တာ့ဝမ့်ဆို့(မ်) သံလွင်မြစ်ကူးတို့ဆိပ်မှာ သွားထား နေပြီလို့ ပြောတယ်”
ထို့အတူ ထိုဒေသရှိ နအဖ ခြေကုပ်စခန်းများနှင့် လားဟူပြည်သူ့စစ် တပ်စခန်းများအား လက်နက်ကြီး တပ်ဆင်ထားကြ ကြောင်း၊ နအဖ စစ်အင်အား အယောက် ၃၀ နှင့် လားဟူ ပြည်သူ့စစ် ၂၀ ကျော်ပါအဖွဲ့ တဖွဲ့ကလည်းတာ့ကောင်း အက်တံတား အထက်ဘက် ၀ နယ်တကြောတပ်စခန်းများနှင့် မျက်နှာချင်းဆိုင် ကူးတို့ဆိပ် များအား စစ်ဆေးခဲ့ကြောင်း ဆက်ပြောပြပါသည်။
“အခုစစ်ရေးအခြေအနေကိုကြည့်ရင် နအဖ စစ်ပြင်ဆင်မှုက သံလွင်အရှေ့ခြမ်းကိုမတိုက်ဘဲနဲ့ အနောက်ဘက် ခြမ်းက အပစ်ရပ်သျှမ်းတပ်ကို အရင်တိုက်ဖို့လဲဖြစ်နိုင် တယ်။ အဲဒါမှ ၀ ကိုတိုက်ဖို့သူတို့အတွက်ပိုလွယ်ကူမယ်” - ဟု သျှမ်းပြည်မြောက်ပိုင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါသည်။
နအဖ နှင့် တရုတ်တို့ စစ်အင်အားဖြည့်ထားသကဲ့သို့ ၀ တပ်ဖွဲ့က လည်း မတ်ချ် ၁၂ ရက် ၌ ပန်ဆန်းဌာနချုပ် တွင်း အစည်းဝေးထိုင်ကြကြောင်း၊ နယ်ခြားတလျှောက်ရှိ အဝင်အထွက်ဂိတ် တပ်စခန်းများအနီး (ပုံမှန်မဟုတ်ဘဲ) နအဖ တပ်များ ကြိတင်အကြောင်းကြားမှု မရှိဘဲ ပေ ၁၅၀ အတွင်းနယ်ကျွံလာပါက ပစ်မိန့်ပေးထားကြောင်း၊ စားနပ်ရိက္ခာ လက်နက်ခဲယမ်း အဆင်သင့်ဖြည့်ထားသကဲ့သို့ စစ်ဘက်ရေးရာ ၀ ထိပ်တန်းအရာရှိ များကလည်း ၀ နယ် အနောက်တောင်ခြမ်း၊ အနောက်ဘက်ခြမ်း မှ နမ့်တစ် (မြောက်ဘက်စွန်းပိုင်း) အထိသွားရောက်စစ်ဆေး နေကြောင်းစုံစမ်းသိရှိရပါသည်။
ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ နှင့် နအဖ တွေ့ဆုံပွဲမှ တစုံတရာအဖြေ မထွက်သည့်အတွက် အောင့်အီးသည်းခံ၍ အချိန်တိုးပေးရန် ၀ ဘက်မှ တောင်းဆိုထား၏။ နအဖ ဘက် အကြောင်းမပြန်သည့်အပြင် မတ်ချ် ၁၃ ရက် က ရန်ကုန်ရှိ ၀ ကိုယ်စားလှယ်ရုံးအား ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ လက်ထောက်စစ်ဗိုလ်တဦးက - ‘၀ တောင်းဆိုထား သည့်နယ်မြေများ မပေးနိုင်ကြောင်း၊ ပေးလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပိုမိုပြိုကွဲစေနိုင်ကြောင်း၊ ၀ တောင်း ဆိုချက် ၉ ချက်ကိုလည်း မလိုက်လျောနိုင်ကြောင်း ပြောကြားပြီး ဖေဖေါ်ဝါရီ ၂၅ ရက် ညနေပိုင်း တန့်ယန်း ဆွေးနွေးပွဲအတိုင်း အတည်ဆုံးဖြတ်ချက် ဖြစ်ကြောင်း’- ဖုန်းဆက်ပြောကြားသည်ဟု ၀ အရာရှိတဦးက ပြောပြပါသည်။