စီးပွားရေး အကျပ်အတည်းကြောင့် ရခိုင်ရိုးရာ သင်္ကြန်သံချပ်ခွေများ ထွက်ရန် အခြေအနေမရှိ

စီးပွားရေး အကျပ်အတည်းကြောင့် ရခိုင်ရိုးရာ သင်္ကြန်သံချပ်ခွေများ ထွက်ရန် အခြေအနေမရှိ
by -
မင်းဆက်ခိုင်
နှစ်စဉ် နှစ်တိုင်း သင်္ကြန်ကာလတွင် ထွက်နေသော ရခိုင်ရိုးရာ သင်္ကြန် သံချပ်ခွေများမှာ စီးပွားရေး ကျပ်တည်းမူကြောင့် ယခုနှစ်တွင် ထွက်ပေါ်လာရန် အခြေအနေမရှိကြောင်း....

နှစ်စဉ် နှစ်တိုင်း သင်္ကြန်ကာလတွင် ထွက်နေသော ရခိုင်ရိုးရာ သင်္ကြန် သံချပ်ခွေများမှာ စီးပွားရေး ကျပ်တည်းမူကြောင့် ယခုနှစ်တွင် ထွက်ပေါ်လာရန် အခြေအနေမရှိကြောင်း သတင်းရရှိသည်။

အနုပညာ တေးထုတ်လုပ်သူ တဦးက "သင်္ကြန်က နီးနေပါပြီ။ ခါတိုင်းနှစ်တွေ ဆိုရင် ခုချိန်မှာ သင်္ကြန်သံချပ်သံတွေကို ဆူဆူညံညံ ကြားနေရပါပြီ။ ခုနှစ်ကတော့ သင်္ကြန်သံချပ်သံတွေ မကြားရသလို ထုတ်မယ့်သူလည်း မရှိဘူးလို့ သိရပါတယ်။ အဓိကတော့ လူထုအတွင်း စီးပွားရေး အကျပ်အတည်းကြောင့် ထုတ်ရင်လည်း အရှံုးပေါ်မှာမို့ ဘယ်သူမှ သင်္ကြန်သံချပ်ခွေတွေ မထုတ်ရဲ ဖြစ်နေကြပါတယ်။" ဟု ပြောသည်။

ရခိုင် ရိုးရာ သင်္ကြန် သံချပ်ခွေများကို ရခိုင်အနုပညာ မြတ်နိုးသူများ အနေဖြင့် နှစ်စဉ် နှစ်တိုင်း သင်္ကြန်ရက် မတိုင်မှီ တလ အလိုကတည်းက ထုတ်လုပ် ဖြန့်ချီလေ့ရှိသော်လည်း ယခုနှစ်တွင် သင်္ကြန်ချိန် နီးလာပြီး ဖြစ်သော်လည်း သံချပ် တခွေမှ ထွက်လာခြင်း မရှိသေးကြောင်း သိရသည်။

"လောလောဆယ်မှာတော့ သံချပ်တွေ ထွက်လာတာ မတွေ့ရသေးပါဘူး။ ရခိုင် သင်္ကြန် သီချင်းခွေကတော့ ( ၂) ခွေ ထွက်လာတာကို တွေ့ရပါတယ်။ ရခိုင် သင်္ကြန် အခွေတွေ ထွက်လာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း သင်္ကြန်မှာ ရခိုင် သံချပ် အသစ်တွေကို နားမထောင်ရတဲ့ အတွက် ရင်ထဲမှာ ဘဝင်မကျ ဖြစ်မိပါတယ်" ဟု သူက ဆက်ပြောသည်။

CD-cover

ရခိုင်သင်္ကြန် သံချပ်ခွေ တခွေထွက်ရန် အနည်းဆုံး ကျပ်ငွေ ရသိန်းခန့်လိုပြီး ယခုနှစ်တွင် သင်္ကြန်ခွေအတွက် ငွေစိုက် ထုတ်လုပ်မည့်သူ မရှိ ဖြစ်နေကြောင်း သိရသည်။

သင်္ကြန် သံချပ်များတွင် ခေတ်စနစ်ကို လှောင်ပြောင်ထားသော သံချပ်များ ပါ၀င်သဖြင့် ရခိုင်ပြည်သူများ အနေဖြင့် ခုံခုံမင်မင် နှစ်သက် နားထောင်လေ့ရှိကြသည်။

ရခိုင်ရိုးရာ သံချပ်များမှာ ရခိုင်ပြည်တွင် ဖြစ်ပျက်နေသော ခေတ်အခြေအနေများ၊ ယဉ်ကျေးမှု ဓလေ့ထုံစံများ၊ ခေတ်ကာလအတွင်း ဖေါက်ပြန် ပျက်စီးနေမူ အခြေအနေများကို စာသား ခတ်ပြင်းပြင်းများဖြင့် သီဆိုထားသောကြောင့် လူကြိုက်များခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သင်္ကြန်ရက် နီးကပ်လာသော်လည်း သံချပ်ခွေများ ထွက်ရှိခြင်း မရှိသေးမှုအပေါ် တေးရေး/တေးဆို KB ကိုမျိုးမင်းလေးက ယခုကဲ့သို့ သုံးသပ်သည်။

"တဖက်ကကြည့်မယ်ဆိုရင် အဆိုတော်တွေရော၊ လူငယ်ပရိသတ်တွေပါ ခေတ်ပေါ် မြူးဇီးဖက်ကို အားပေး လာတာကို တွေ့ရပါတယ်။ သံချပ်ခွေ လုပ်ချင်တဲ့ လူတွေလည်း အများကြီးရှိပါတယ်။ ငွေမတတ် နိုင်တာလည်း ပါ ပါတယ်။ ကျနော်တို့ သံချပ်ခွေတခွေ ဒီနှစ်မှာ လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တာရှိပါတယ်။ အခက်အခဲ အများကြီးရှိနေတဲ့အတွက်ကြောင့် မလုပ်ဖြစ်ပါ။ အချိန်မရတာလည်း ပါ ပါတယ်။"

ယခုနှစ် သင်္ကြန်အတွက် ထွက်ရှိနေသော ရခိုင် သီချင်းခွေများမှာ "ပိတောက်ဖူးချိန်" နှင့် အဆိုတော် ဦးကျော်လှ၏ "စိုင်လာထွန်းလီ လခြမ်းမြီ" ခွေ ၂ခွေ ဖြစ်သည်။

CD-cover-1

လတ်တလော အခြေအနေတွင် ပိတောက်ဖူးချိန်အခွေမှာ လူကြိုက်များနေသော အခွေဖြစ်ကြောင်း စစ်တွေမြို့ခံများ ကပြောသည်။

အဆိုပါ အခွေတွင် Mono၊ Stero၊ Rock၊ Cha Cha နှင့် Hip Hop သီချင်းများ ပါဝင်သောကြောင့် လူကြီးရော လူငယ်ပါ အကြိုက်တွေ့နေကြကြောင်း သိရသည်။

၎င်း ပိတောက်ဖူးချိန် အခွေတွင် အဆိုတော် ဦးမောင်သိန်း၊ မောင်ကိုကို၊ ဒိုး(အ်)ရီ၊ ကိုသန်းဆွေ၊ ကံထွန်းကြည်၊ မျိုးရခိုင်၊ ကိုလှကြည်၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ငြိမ်းစန္ဒာ နှင့် သန်းသန်းဆင့်တို့က လူစုံ တက်စုံ ၀ိုင်းဝန်း သီဆိုထားကြကြောင်း သိရသည်။

ရခိုင်သီချင်းခွေများမှာ ယခင်ထက် ထုတ်လုပ်မှု အားကောင်းလာသော်လည်း ခိုးကူးခွေများကြောင့် ထုတ်လုပ်မှုအားကို တဖက်တလမ်းက အဟန့်အတား ဖြစ်စေသည်ဟု သူက ပြောသည်။

Most read this week