ဦးသုဝေပါတီ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်ဖြစ်

ဦးသုဝေပါတီ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်ဖြစ်
by -
ခိုင်စု
နိုင်ငံ့ခေါင်းဆောင်ဟောင်းများ၏ သမီးများ ပါဝင်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) DPM က ရွေးကောက်၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု....

နိုင်ငံ့ခေါင်းဆောင်ဟောင်းများ၏ သမီးများ ပါဝင်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) DPM က ရွေးကောက်၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၅ခု ကို ယခင်ရက်ပတ်က ထုတ်ပြန်ပြီးနောက် ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု DPM ဥက္ကဋ္ဌ ဦးသုဝေက ပြောလိုက်ခြင်း ဖြစ်သည်။

“လက်ရှိအစိုးရက ဒီမိုကရေစီ အစိုးရမဟုတ်တော့ ဒီမိုကရေစီ နိုင်ငံတွေလိုမျိုး ဥပဒေလိုမျိုး ဘယ်ထွက်ပါ့မလဲ။ ကျနော်တို့က သူတို့လုပ်တဲ့ ရွေးကောက်ပွဲကို ဝင်မပြိုင်ရင် သူတို့ကို ဆက်အုပ်ချုပ်ပါလို့ ပြောတာနဲ့ တူနေမှာပေါ့” ဟု DPM ဥက္ကဋ္ဌက မဇ္စျိမကို ပြောသည်။

ယခုမူ ရွေးကောက်ပွဲ ဥပဒေများ ကြေညာခဲ့ပြီဖြစ်သဖြင့် ပါတီမှတ်ပုံတင်ပြီးနောက် စည်းရုံးရေး လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

“ကွင်းဆင်းတဲ့အခါ လူတွေက ပါတီရဲ့ မူဝါဒတွေကို သဘောကျပါတယ်။ အဖမ်းမခံချင်သေးဘူးလို့။ တရားဝင် လုပ်ခွင့်ရှိမှပဲ လုပ်မယ်လို့ ပြောတယ်။ အဲဒါကြောင့် ကျနော်တို့ ခြေလှမ်းကျဲကျဲ မလှမ်းရဲဘူး။ အခုတော့ လှမ်းရတော့မှာပေါ့” ဟု ဦးသုဝေက ပြောသည်။

DPM သည် ရွေးကောက်ပွဲဝင်ရေးအတွက် တရားဝင် မှတ်ပုံတင်ခွင့် မရရှိသေးသည့် ၂၀၀၉ ခုနှစ် ကုန်ပိုင်းမှ စတင်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

တနိုင်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပါက ပါတီများ မှတ်ပုံတင်လျှင် ပါတီဝင်အင််အား ၁၀၀၀ ဦး ရှိရမည်ဟု ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ဆိုထားသည်။

ဦးသုဝေကမူ ရွေးကောက်ပွဲဥပဒေ မထွက်မီ မူဝါဒတူသူများဖြင့် ကြိုတင်ဖွဲ့စည်းခဲ့သဖြင့် ယခုအခါ ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် ပါတီရုံးခွဲများ၊ အမျိုးသမီး၊ လူငယ် အဖွဲ့များရှိနေပြီ ဖြစ်သောကြောင့် ယင်းဥပဒေနှင့် အညီ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

ထို့ပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် ယခု ဥပဒေအကြား ကွာခြားမှုနှင့် ပတ်သက်၍ သူက "အခုက ပိုပြီး တိကျတာပေါ့။ လုပ်ပုံလုပ်နည်းတော့ ကွာသွားတယ်။ အရင် ကော်မရှင်ဥပဒေ ထုတ်တုန်းက ပါတီတွေဆီက အကြံဉာဏ်တောင်းပြီး ရေးဆွဲတယ််။ အခုတော့ ဘယ်ပါတီမှ မတောင်းဘဲ သူတို့ဘာသာ ထုတ်လိုက်တာ" ဟု ပြောသည်။

လွတ်လပ်ရေး ရပြီးနောက် ပါလီမန်အစိုးရခေတ် ဝန်ကြီးချုပ်များ ဖြစ်ခဲ့ဖူးသည့် ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေနှင့် ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့လည်း DPM တွင် ဦးဆောင် ပါဝင်သည်။

DPM ဥက္ကဋ္ဌ ဦးသုဝေ (၇၇) နှစ််သည် ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ သူဖြစ်သည်။

ထို့ပြင် UPI ခေါ် ကမ္ဘာ့သတင်းဌာန၏ အရှေ့တောင်အာရှရုံးချုပ် သတင်းအယ်ဒီတာ၊ Morning Express နေ့စဉ်သတင်းစာ လက်ထောက် အယ်ဒီတာနှင့် Bangkok World နေ့စဉ်သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးသည်။