NLD ရခိုင်ပြည်နယ်ရုံးကို မဖွင့်လှစ်နိုင်အောင် ဖြိုဖျက်ထား

NLD ရခိုင်ပြည်နယ်ရုံးကို မဖွင့်လှစ်နိုင်အောင် ဖြိုဖျက်ထား
by -
မောင်အေး
စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို မဖွင့်လှစ်နိုင်အောင် ဗုဒ္ဓဟူးနေ့ ညဉ့်က မသမာသူများက ဖြိုဖျက်ပြီး ရုံးထဲရှိ ပစ္စည်းများကို ယူငင်သွားကြောင်း...

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို မဖွင့်လှစ်နိုင်အောင် ဗုဒ္ဓဟူးနေ့ ညဉ့်က မသမာသူများက ဖြိုဖျက်ပြီး ရုံးထဲရှိ ပစ္စည်းများကို ယူငင်သွားကြောင်း သတင်း ရရှိသည်။

ရခိုင် ပြည်နယ် အဖွဲ့ချုပ် ရုံးကို မသမာ သူများဖြိုဖျက်သွားကြောင်းကို NLD ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးသိန်းလိူင်က ယခုကဲ့သို့ ပြောသည်။

“ မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီမှာ ပြည်နယ်ရုံးကို ဖွင့်လှစ်မှာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ် အမတ် ဦးမောင်ကြွင်းအောင်၊ စစ်တွေမြို့နယ် အဖွဲ့ချုပ် ဥက္ကဌ ဦးစံရွှေထွန်းနဲ့ ဒေါ်မျိုးအေးတို့က ရုံးတည်ရှိရာနေရာကို သွားတဲ့အခါ ရုံးအဆောက်အအုံ တခုလုံး မရှိတော့ ပါဘူး။ အဆောက်အအုံ တခုလုံးကို ဖြိုဖျက် ယူဆောင်သွားပီး အဲဒီ ရုံးနေရာမှာ မြေကွက်လပ်ဘဲ ကျန်နေခဲ့ပါတယ်။ ဒါဟာ တမင် အကွက်ချ စီစဉ်တာ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။”

ရခိုင်ပြည်နယ် အဖွဲ့ချုပ်ရုံးမှာ စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ပန်းခြံလမ်းတွင် တည်ရှိပြီး စစ်အာဏာပိုင်များက ယခင်က ရုံးကို ချိတ်ပိတ်ထားခဲ့သည်။

“ မနေ့က ပြည်နယ်အေးချမ်း သာယာရေးနှင်ဖွ့ံဖြိုးရေးကောင်စီ ရုံးကခေါ်လို့ NLD က ခေါင်းဆောင်တွေ သွားကြပါတယ်။ ပြည်နယ်ရဲမှူး ဦးအောင်သန်းရွှေနဲ့ တွေ့တယ်။ ခြိတ်ပိတ်ထားတဲ့ ရုံးကို မနက်ဖန် ၈ နာရီလောက်မှာ ဖွင့်မယ်ဆိုပီး ပြောထားခဲ့တယ်။ မနက် ၈ နာရီလောက်မှာ ဦးမောင်ကြွင်းအောင်၊ ဦးစံရွှေထွန်းနဲ့ ဒေါ်မျိုးအေးတို့ သွားကြတဲ့အခါ အဲဒီမှာ ရုံးမရှိတော့ဘူး မြေကွက်လပ်ဘဲကျန်နေခဲ့ပါတယ်။”

အဆိုပါ ရုံးအဆောက်အအုံကို ဖြိုဖျက် ယူငင်သွားသည့် ကိစ္စကို ပြည်နယ်ရဲမှူး ဦးအောင်သန်းရွှေ အပါအဝင် ရယကဥက္ကကို ဦးမောင်ကြွင်းအောင်မှ မေးမြန်းသော်လည်း သူတို့အနေနှင့် တစုံတရာ မသိရှိ ကြောင်း အိမ်ရှင်မှ ဖျက်ယူသွားခြင်းဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

ထိုကဲ့သို့ ဖြိုဖျက် ယူဆောင်သွားသဖြင့် အဖွဲ့ချုပ် ပြည်နယ်ရုံးနှင့် မြို့နယ်ရုံးမှ ဆိုင်းဘုတ်၂ခု၊ အဖွဲ့ချုပ် အလံ၂ခု၊ ရုံးပစ္စည်းများ သိမ်းထားသည့် သေတ္တာတလုံးနှင့် ဘီရို တလုံး ပါသွားကြောင်း ဦးသိန်းလှိုင်မှ ပြောသည်။

အဆိုပါ ရုံးအဆောက်အအုံကို ဖြိုဖျက် ယူဆောင်သွားသဖြင့် ရခိုင်ပြည်နယ်ရုံးကို လောလောဆယ်တွင် ဖွင့်လှစ်ရန် အခက်အခဲ တွေ့နေရသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ NLD အဖွဲ့ဝင် တဦးက ရုံး အဆောက်အအုံကို ဖြိုဖျက်သွားခြင်း၏ နောက်ကွယ်တွင် စစ်အစိုးရ လူများ ပါ၀င်နေကြောင်းကို ယခုကဲ့သို့ ပြောသည်။

“နအဖ စစ်အာဏာပိုင်တွေက အဖွဲ့ချုပ်ကို အသစ် ပြဌာန်းလိုက်တဲ့ ရွှေးကောက်ပွဲ ဥပဒေအတိုင်း မှတ်ပုံတင်ဖို့ ဖိအားပေးနေတာ ရှိပါတယ်။ အဲသလိုဖိအားပေးတာကို မလိုက်နာဘူးဆိုရင် ရုံးဖွင့်တာတို့ စုဝေး ဆွေးနွေးတာတို့ကို အနှောင့်အယှက်ပေးဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ ဒါကြောင်း ရခိုင်ပြည်နယ်ရုံးကို မဖွင့်နိုင်အောင် အိမ်ပိုင်ရှင်ကို ဖိအားပေးပြီး အိမ်ကို ဖြိုဖျက်ခိုင်းလိုက်တာ ဖြစ်ပါတယ်။”

နအဖ စစ်အစိုးရသည် အသစ် ပြဌာန်းလိုက်သော ဥပဒေအတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် လိုလားနေပြီး အဆိုပါ အသစ် ဥပဒေတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ဖယ်ထုတ်ရန် သွယ်ဝိုက် ရေးသားဖေါ်ပြထားသည်ဟု သိရသည်။

Most read this week